၂၈.၈.၂၀၂၆
Written by Linn Eain
စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မီးပွိုင့်များ၊ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားသောနေရာများ၌ တောင်းရမ်းစားသောက်သူများတွင် ကျောင်းနေအရွယ် ကလေးသူငယ်အများအပြားပါဝင်နေပြီး နို့စို့အရွယ်နှင့် ငယ်ရွယ်သည့်ကလေးများကို ချီပိုး၍တောင်းရမ်းမှုများ နေ့စဉ်မြင်တွေ့နေရကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသော်တာက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးပွိုင့်များ၊ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် တောင်းရမ်းစားသောက်နေသော ကျောင်းနေအရွယ် ကလေးသူငယ်များအား စိစစ်၍ လူမှုဖူလုံရေးအစီအမံဖြင့် ကျောင်းစာသင်ခန်းတစ်ခုခုသို့ ပို့ဆောင်ပေးနိုင်ရေးနှင့် ပတ်သက်သည့်ကြယ်ပွင့်ပြမေးခွန်း” မေးမြန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက “မြန်မာနိုင်ငံရဲ့လူဦးရေအများဆုံးဖြစ်သော စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မီးပွိုင့်များ၊ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားသောနေရာများတွင် တောင်းရမ်းစားသောက်နေသူ အများအပြားရှိရာ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးသူငယ်အများအပြားပါဝင်ပါတယ်။ အချို့သော ကလေးသူငယ်များသည် နို့ဘူးစို့အရွယ်ကလေးများနှင့် မိမိထက်ငယ်သော ကလေးသူငယ်များကို ချီပိုး၍ ကားကြို၊ ကားကြားများတွင် လိုက်လံတောင်းခံမှုများကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရပါသည်။ တောင်းရမ်းနေသော ကလေးသူငယ်များတွင် မိဘကိုယ်တိုင် စေခိုင်းခြင်း၊ ဆွေမျိုးများမှ စေခိုင်းခြင်း၊ နေ့စားဖြင့် ငှားရမ်းစေခိုင်းခြင်း၊ ခိုးယူစေခိုင်းခြင်း၊ မိမဲ့ဖမဲ့ လေလွင့်ကလေးများဆိုပြီး (၅) မျိုး တွေ့ရပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါကလေးသူငယ်များသည် မိမိကျင်လည်ရာနေရာတွင် ပုံသဏ္ဌာန်မျိုးစုံ၊ စရိုက်မျိုးစုံ ကျင်လည်ကျက်စားနေသူများဖြစ်ပြီး ၎င်းကလေးသူငယ်ကိစ္စအား အသေအချာဂရုတစိုက်မကိုင်တွယ်ဘဲ လျစ်လျူရှုထားမိပါက ကလေးသူငယ်များသည် ကော်ရှူခြင်းမှစပြီး အရက်၊ ဆေးပြားစသည့် မူးယစ်ဆေးဝါးမျိုးစုံ၏ သားကောင်များဖြစ်ကာ လူဆိုး၊ သူခိုး၊ လူမိုက်၊ လူရမ်းကားများဖြစ်လာနိုင်ပြီး ပြည်သူလူထုအတွက် ဒုက္ခမျိုးစုံပေးသူများ ဖြစ်လာနိုင်သဖြင့် နိုင်ငံတော်၏လူစွမ်းအားအရင်းအမြစ်များလည်း ဆုံးရှုံးနိုင်ကြောင်း တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသော်တာက ထောက်ပြပြောဆိုခဲ့သည်။






ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက လူမှုဖူလုံရေးအစီအမံသည် အလုပ်သမားဝန်ကြီးဌာနအောက်တွင် တည်ရှိကြောင်း၊ အလုပ်သမားများအတွက် အာမခံစနစ်အလိုက်ထည့်ဝင်ကြေးပေးသွင်းပြီး အကျုံးဝင်သူများကို ဆောင်ရွက်ပေးနေသည့် စနစ်ဖြစ်သည့်အတွက်ကြောင့် ယခုမေးခွန်းပါကိစ္စရပ်နှင့် ပတ်သက်၍ လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင်သက်ဆိုင်မှုမရှိပါကြောင်း၊ သို့သော် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မီးပွိုင့်များ၊ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် တောင်းရမ်းစားသောက်နေသော ကျောင်းနေအရွယ် ကလေးသူငယ်များအား သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်း ပူးပေါင်းပေါင်းစပ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်များကို သာကေတ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ကော့မှူး၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ အရှေ့/အနောက်၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်များတွင် စခန်းများ ဖွင့်လှစ်ပြီး လက်ခံသင်ကြားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ လမ်းပေါ်နေကလေးများအား ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးများကို လူငယ်သင်တန်းကျောင်းများတွင် စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ စီမံချက်ဖြင့် လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်သို့ ရောက်ရှိနေသော ကလေးများကို ယာယီစောင့်ရှောက်ရေးစခန်း(နာနတ်တော)သို့ ခေါ်ဆောင်၍ ကလေး သူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ ကျား/မ စိစစ်ခွဲခြားထားရှိကြောင်း၊ ယာယီစောင့်ရှောက်ရေးစခန်းသို့ ရောက်ရှိလာသူများအား မိသားစုထံခံဝန်ဖြင့် ပြန်လည်အပ်နှံခြင်း၊ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်က ပြောကြားခဲ့သည်။
ထိုသို့ ရောက်ရှိလာသူများထဲမှ မိသားစုနှင့် အဆက်အသွယ်မရရှိသည့် ကလေးများအနက် အသက် ၁၈ နှစ်အောက် ယောကျ်ားလေးများအား လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သန်လျင် လူငယ်သင်တန်းကျောင်းသို့လည်းကောင်း၊ အသက် ၁၈ နှစ်အောက် မိန်းကလေးများအား လူငယ်ပြုစုစောင့်ရှောက်ရေးစင်တာ(ရွှေပြည်သာ)သို့လည်းကောင်း ပို့ဆောင်စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
