၂၈.၈.၂၀၂၆
Written by Nay Yaung Linn
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လယ်ယာမြေများကို အများပြည်သူအကျိုးငှာ အခြားနည်းအသုံးပြုရန် လျှောက်ထားမည်ဆိုပါက မြေပုံ/မြေရာဇဝင်လျှောက်ထားရယူပြီး သက်ဆိုင်ရာ မြို့နယ်မြေစာရင်းဦးဌာနတွင် အမှုတွဲစတင်လျှောက်ထားရမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ဩဂုတ် ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းဦး၏ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းအသုံးပြုရန် လုပ်ဆောင်နေမှုများနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ” (GB) မြေများကို အခြားနည်းအသုံးပြုရန် လယ်ယာမြေဥပဒေ-၃၀(ခ)ဖြင့် လျှောက်ထားရန် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)လျှောက် ထားမည်ဆိုပါက ခွင့်ပြု/မပြုနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လယ်ယာမြေများနှင့်စပ်လျဉ်း၍ တည်ဆဲလယ်ယာမြေ ဥပဒေ ပုဒ်မ ၃၀၊ ပုဒ်မခွဲ (ခ) အရ အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားမည်ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် မြေပုံ/ မြေရာဇဝင် လျှောက်ထားရယူပြီး တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ မြို့တော်/ မြို့နယ် မြေစာရင်းဦးစီးဌာနတွင် အမှုတွဲစတင်လျှောက်ထားရမည်ဖြစ်ပါကြောင်း ” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စိုက်ပျိုးမြေအဖြစ်တည်ရှိသည့် လယ်ယာမြေများအား တည်ဆဲလယ်ယာမြေ ဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ခွင့်ပြုထုတ်ပေးရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ စာရင်းမြေပုံမှတ်တမ်းထိန်းသိမ်းထားရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသည့် မြေပုံ/ မြေရာဇဝင်အရ လယ်ယာမြေဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားမှုအပေါ် ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားအတည်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါက်တာထူးမောင်က ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မှတ်ပုံတင်စာရင်း(၁-က)တွင်ပါဝင်သော မြေအမျိုးအစား (GB) မြေများကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က စီမံဆောင်ရွက်ခွင့်ရှိကြောင်းလည်း ဒေါက်တာထူးမောင်က ပြောကြားခဲ့သည်။
“တည်ဆဲလယ်ယာမြေဥပဒေ ပုဒ်မ-၁၃ ၌ “လယ်ယာမြေနှင့်စပ်လျဉ်း၍ သက်ဆိုင်သူ မည်သူမဆို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေနှင့်အညီ ချမှတ်သောအမိန့်ကို လိုက်နာရမည်” ဟု ပြဋ္ဌာန်းထားရှိပါသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မှတ်ပုံတင်စာရင်း (၁-က)တွင် ပါဝင်သော မြေအမျိုးအစားများတွင် တည်ဆဲလယ်ယာမြေဥပဒေပုဒ်မ – ၃၊ ပုဒ်မခွဲ (က) အရ လယ်ယာမြေဟူသော စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ပါမြေများကို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေဥပဒေပုဒ်မ – ၁၇၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ တည်ဆဲလယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားရှိသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ စီမံဆောင်ရွက်ခွင့်ရှိပါတယ်” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါက်တာထူးမောင်က ပြောကြားခဲ့သည်။
ထို့နောက် တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လယ်ယာမြေအား လက်ဝယ်ထားရှိ အသုံးချသူအနေဖြင့် တည်ဆဲလယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ချမှတ်သော အမိန့်အား လိုက်နာရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါက်တာထူးမောင်က ပြောကြားခဲ့သည်။
