သက်တံ့
၂၈. ၈. ၂၀၂၆
စားသောက်ဆိုင်တွင် ကျသင့်ငွေမရှင်းဘဲ ပြန်ရန်ကြိုးပမ်းခဲ့သည့် အမျိုးသမီးဖောက်သည်တစ်ဦး၏ ဦးခေါင်းကို ဘားမန်နေဂျာတစ်ဦးက ကတ်ကြေး၊ ရိတ်စက်များဖြင့် ဆံပင်အရင်းမှ ရိတ်ပစ်ခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပေါက်သွားခဲ့ပြီးနောက် အဆိုပါ မန်နေဂျာမှာ ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများနှင့် အဆိုပါ အမျိုးသမီးငယ်၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေသည်။
အဆိုပါဖြစ်စဉ်ကို Pen Nueng ဖောင်ဒေးရှင်းမှ Chalida Phalamat က ဩဂုတ်လ ၂၇ ရက်နေ့တွင် လူမှုကွန်ရက်၌ မျှဝေခဲ့ရာမှ စတင်သိရှိခဲ့ရခြင်းဖြစ်သည်။ ရုပ်သံဖိုင်တွင် မန်နေဂျာသည် အမျိုးသမီး၏ ဆံပင်များကို ကတုံး ရိတ်ပစ်ပြီးနောက် ဘေလ်မရှင်းဘဲ ထွက်ပြေးမှုဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရသည်။ အဆိုပါ ဘေလ်မှာ ဘတ် ၆၀,၀၀၀ ခန့် ကျသင့်ခဲ့ပြီး ထိုအမျိုးသမီးသည် ယင်းသို့ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သတင်းများက ဆိုသည်။
ဘားဘက်က ပြောကြားချက်အရ အဆိုပါအမျိုးသမီးသည် ဩဂုတ် ၂၅ ရက်နေ့က မမှန်မကန် မှတ်ပုံတင်ကို အသုံးပြု၍ ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဘေလ်ရှင်းရန် ငွေမရှိခဲ့ဟု ဆိုသည်။ ထို့ပြင် ဆိုင်အတော်များများတွင်လည်း ဘေလ်မရှင်းဘဲ ထွက်ပြေးသည့် ရာဇဝင်ရှိခဲ့ဖူးကြောင်း သိရသည်။ ထို့နောက် မန်နေဂျာက အဆိုပါအမျိုးသမီးအား သူမ၏ ဆံပင်များကို ခြေဆုံးခေါင်းဆုံး ဘတ် ၃,၀၀၀ ဖြင့် ရောင်းချရန် သဘောတူညီချက် စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု ဆိုသည်။
Chalida က ဆိုင်ဘက်မှ ဆုံးရှုံးမှုများနှင့် ဝန်ထမ်းများအပေါ် မန်နေဂျာ၏ တာဝန်ယူရမှုအပေါ် စာနာမိသော်လည်း၊ ဆံပင်ရိတ်ပစ်သည့် လုပ်ရပ်မှာ လွန်ကဲပြီး တရားဥပဒေနှင့် မညီကြောင်း၊ ဥပဒေအတိုင်း ရဲစခန်းသို့ မတိုင်ကြားဘဲ မိမိသဘောဖြင့် မိမိအရေးယူခဲ့ခြင်းအပေါ် မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ထိုအခြေအနေတွင် အမျိုးသမီး၏ “သဘောတူညီချက်” မှာ စစ်မှန်မှု ရှိမရှိနှင့်ပတ်သက်၍ သံသယရှိကြောင်းနှင့် ဆံပင်ကို လှူဒါန်းရန်အတွက် ရိတ်ပေးခဲ့ခြင်းဖြစ်သည်ဆိုသော ဆိုင်ဘက်၏ ရှင်းလင်းချက်ကိုလည်း ငြင်းဆိုခဲ့သည်။ အကြောင်းမှာ မရိတ်မီကပင် အမျိုးသမီး၏ ဆံပင်မှာ ကတ်ကြေးဖြင့် တိုတိုတိတိ ကပ်ညှပ်ခံထားရပြီးဖြစ်သောကြောင့် ဖြစ်သည်။
မန်နေဂျာသည် အမျိုးသမီး၏ မိသားစုထံ ဆက်သွယ်၍ တောင်းပန်မှုနှင့် လျှော်ကြေးပေးအပ်မှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့ကြောင်း Chalida က ဆိုသည်။ ယင်းအပြင် အမျိုးသမီးငယ်သည် အသက် ၂၀ အောက် ဖြစ်နိုင်ခြေရှိပြီး အရွယ်မရောက်သေးသူ သို့မဟုတ် စိတ်ကျန်းမာရေး ပြဿနာရှိသူ ဖြစ်နိုင်သဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ အမျိုးသမီးငယ်၏ အခြေအနေကို ဝင်ရောက်စစ်ဆေးပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
အမျိုးသမီး၏ မိခင်ဖြစ်သူကမူ ဆိုင်ဘက်မှ ပြောကြားချက်များကို ငြင်းဆိုထားပြီး၊ ဘေလ်ကို အရစ်ကျ ပေးဆပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ညိုမဲဒဏ်ရာများ ပါဝင်သည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် လက္ခဏာများ တွေ့ရှိရသဖြင့် သောကြာနေ့ (ယနေ့) တွင် သမီးဖြစ်သူအား Bang Yai Khan ရဲစခန်းသို့ ခေါ်ဆောင်၍ အမှုဖွင့် တိုင်ကြားသွားမည်ဟု ပြောဆိုခဲ့သည်။
Ref: Bangkok Post
