သက်တံ့
၂၈. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ရူပီး ၁၃ သိန်းခန့် (ကျပ်သိန်း ၆၀၀ ခန့်) တန်ကြေးရှိ ရွှေချောင်းတစ်ချောင်းနှင့်အတူ အသက် ၄၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၂၈ ရက် (သောကြာနေ့) တွင် ပြောကြားခဲ့သည်။
အိုင်ဇောလ်မြို့ မြောက်ဘက်ဆူမြို့ပြင်ရှိ ဇောင်းတွေး (Zuangtui) ရပ်ကွက်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း ထိုအမျိုးသမီးထံမှ ၈၂ ဂရမ်အလေးချိန်ရှိ ရွှေချောင်းတစ်ချောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ဖမ်းဆီးရမိသူအား ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရေးအတွက် အိုင်ဇောလ်မြို့ရှိ ဘောင်ကွမ်း (Bawngkawn) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
သိမ်းဆည်းရမိသည့် ရွှေချောင်းကိုမူ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများအတွက် အကောက်ခွန်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
Ref: Press Trust of India
