◾ နီပေါနိုင်ငံတွင် ရေကြီးမှု၌ ဩဂုတ်လ ၂၈ ရက် နံနက်ထိ သေဆုံးသူ အနည်းဆုံး ၄၇၅ဦးရှိပြီး ရာပေါင်းများစွာ ပျောက်ဆုံး၊ တိဘက်ဒေသတွင်လည်း လူသုံးဦးသေဆုံးကာ ၅၅၀ ဦး ပျောက်ဆုံးနေ
၂၈.၈.၂၀၂၆
Translated by Htwe Ko Tun
နီပေါ-တိဘက်နယ်စပ်အနီးတွင် မြေပြိုကျမှုများကြောင့် ရေလွှမ်းမိုးမှုများဖြစ်ကာ ဖြစ်ပေါ်လာသည့် အတားအဆီးရေကန်တစ်ခုအတွင်းသို့ လာမည့်သုံးရက်အတွင်း ရေကုဗမီတာ ၃ သန်း စီးဝင်လာဖွယ် ရှိသောကြောင့်ရေကန်ပြိုကျပြီးရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားလာနိုင်ကြောင်း တရုတ်အာဏာပိုင်များက ဩဂုတ်လ ၂၇ ရက်တွင် သတိပေးခဲ့ကြသည်။
အဆိုပါ ရေကန်က နီပေါနိုင်ငံရှိ ချော့ချန် ခိုလာ (Chhochen Khola) နှင့် ပူရီပူ ဆန်ပို (Purepu Tsangpo) မြစ်များဆုံရာအနီးတွင် ကြီးမားသော အတားအဆီးရေကန်တစ်ခုသဖွယ်ဖြစ်လျက်ရှိနေပြီး တရုတ်ရေ အရင်းအမြစ်ဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက် နံနက်အထိ ရေကန်အတွင်းရေကုဗမီတာ ၂ သန်းခန့် ရှိနေကာရေလျှံနေပြီဟု ခန့်မှန်းထားသည်။

ဝန်ကြီးဌာနက လာမည့်သုံးရက်အတွင်း နောက်ထပ် ရေကုဗမီတာ ၃ သန်းခန့် ရေကန်ထဲသို့ ထပ်မံ စီးဝင်လာဖွယ်ရှိသောကြောင့် ရေကန်ပြိုကျနိုင်ခြေမြင့်မားကြောင်း ပြောကြားခဲ့သည်ဟု China Central Television ၏ ဖော်ပြချက်အရ သိရသည်။
တရုတ်အာဏာပိုင်များကထိုရေကန်၏ပြောင်းလဲတိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး ရေကန်ကျိုးပေါက်မှု၏ဖြစ်နိုင်ခြေရှိသောအကျိုးဆက်များကို အကဲဖြတ်ရန်နှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို ပံ့ပိုးရန်အတွက် ရေကြီးရေလျှံမှုပုံစံတူများကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ချော့ချန် ခိုလာနှင့် ပူရီပူ ဆန်ပို မြစ်များသည် တိဘက်ဒေသတွင် မြစ်ဖျားခံပြီး ၎င်းတို့နှစ်ခု ပေါင်းဆုံ၍ ဘိုတေးကိုရှီ မြစ်အဖြစ် နီပေါနိုင်ငံအတွင်းသို့ ဆက်လက်စီးဆင်းသွားသည်။ ဘိုတေးကိုရှီသည် ထရီရှူလီမြစ်၏ အထက်ပိုင်းရှိ အဓိကမြစ်လက်တက်ဖြစ်သည်။
ဤသတိပေးချက်က နီပေါ- တရုတ်နယ်စပ်တစ်လျှောက်ရှိ ဒေသများတွင် ရုတ်တရက်ပြင်းထန်သော ရေကြီးရေလျှံမှုတစ်ခု ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ဩဂုတ်လ ၂၆ ရက်တွင်ဖြစ်ပွားခဲ့သော ရုတ်တရက်ပြင်းထန်လှသည့် ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံတွင် ဩဂုတ်လ ၂၈ ရက် နံနက်အထိ သေဆုံးသူ အနည်းဆုံး ၄၇၅ ဦးရှိပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း သိရသည်။ တိဘက်ဒေသတွင်လည်း ရေကြီးရေလျှံမှုကြောင့် လူသုံးဦးသေဆုံးကာ ၅၅၀ ဦး ပျောက်ဆုံးနေသည်ဟု တရားဝင်သတင်းများကဆိုသည်။
အသစ်ဖွဲ့စည်းဖြစ်ပေါ်လာသော အတားအဆီးရေကန်က ကျိုးပေါက်မှုဖြစ်လာခဲ့လျှင် မြစ်အောက်ဘက်သို့ ရေများ ရုတ်တရက် မြင့်တက်လာနိုင်ပြီး မြစ်ကြောင်းစနစ်တစ်လျှောက်ရှိ ရပ်ရွာများနှင့် အခြေခံအဆောက်အအုံများကို ထိခိုက်နိုင်သည်။
တရုတ်အာဏာပိုင်များက အရေးပေါ်ကယ်ဆယ်ရေးနှင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်နေစဉ်တွင် ရေကန်ကို ဆက်လက်စောင့်ကြည့်ပြီး ရေအရင်းအမြစ်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Kathmandu Post
