၂၈.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းကြားရှိ ရိုးချောင်းတွင် အပျော်တမ်းလှေလှော်ကာ ငါးမျှားထွက်သူ အမျိုးသားနှစ်ဦး ပြုတ်ကျ၍ တစ်ဦးပျောက်ဆုံးနေမှု သြဂုတ်လ ၂၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ရိုးချောင်းအတွင်း အသက် ၃၄ နှစ်အရွယ် ကိုကျော်လွင်ကိုနှင့် အသက် ၂၆ နှစ်အရွယ် ကိုကောင်းထက်ဇော်တို့နှစ်ဦးမှာ အပျော်တမ်းလှေလှော်ထွက်ကာ ငါးမျှားရာမှ လှေလူး၍ ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ရေထဲပြုတ်ကျမှုကို ငါးသိုင်းချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ဒေသခံများက ဝိုင်းဝန်းရှာဖွေကြရာ ကိုကျော်လွင်ကိုအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ကိုကောင်းထက်ဇော်မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
“ဒီမနက်လည်း ရှာနေတယ်။ မိုးလည်းရွာနေတော့ ရှာရတာ အခက်အခဲတွေရှိတယ်”ဟု ပျောက်ဆုံးနေသော အမျိုးသားကို ရှာဖွေနေသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့ ညပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နေဝင်းရပ်ကွက်၊ (၈)လမ်းတွင် အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူနှင့် အသက် ၁၃ နှစ်အရွယ် ညီဖြစ်သူတို့ ဖခင်၏ အုတ်ဂူကို သွားကြည့်စဥ် လမ်းခုလတ်၌ ရေစီးဖြင့်မျောပါကာ ပျောက်ဆုံးနေသဖြင့် ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းရှာဖွေကြရာ အစ်ကိုဖြစ်သူကို ဝါးရုံပင်ကြားတွင် ပြန်လည်တွေ့ရှိခဲ့ပြီး ညီဖြစ်သူကို သြဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းမှ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

