၂၈.၈.၂၀၂၆
Written by Linn Eain
တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်မည့် ၁၂ ဘီးယာဥ်ဖြင့် တင်ဆောင်လာသည့် ကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကျော် သာစည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဩဂုတ် ၂၈ ရက် ထုတ်ပြန်မှုအရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်၊ ည ၁၁ နာရီခွဲတွင် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ထက်အောင်မောင်းနှင်ပြီး တိုးတက်အောင် လိုက်ပါလာသည့် Nissan အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅ ဒသမ ၂၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၉၂ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများကို တောင်ကြီးမှ ရန်ကုန်သို့သယ်ဆောင်ခိုင်းခြင်းဖြစ်ပြီး သယ်ဆောင်ခိုင်းသူမှာ အောင်ပန်းမြို့၊ (၃)ရပ်ကွက်နေ ခွန်ရဲထွဋ်(ခ)ရဲထွဋ်(ဖမ်းဆီးရန်ကျန်) ဆိုသူဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
