၂၈.၈.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းမှာ ကလေးငယ်ကို ချီပြီး လမ်းကူးနေတဲ့ မိခင်ဖြစ်သူကို မော်တော်ယာဉ်တစ်စီးက တိုက်ပြေးသွားခဲ့တာကြောင့် မိခင်ဖြစ်သူမှာ နေရာတင် သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ ၂၇ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ လင်းလက် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် မိခင်ဖြစ်သူမှာ လမ်းဘေး ရန်ကုန်- ဒလ မြစ်ကူးတံတားဘောင်အနီး သေဆုံးခဲ့ရုံမျှမက အတူပါလာတဲ့ ကလေးငယ် ၂ ဦးအနက် တစ်ဦးမှာ လွင့်ထွက်သွားခဲ့ပြီး ကျန်တစ်ဦးမှာ ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နေရာဆီ လူမှုကူညီရေးအဖွဲ့များက ချက်ချင်းသွားရောက်ကူညီကာ ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်ခံရသူ အမျိုးသမီးမှာ ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကလေး သုံးဦး မိခင်လို့လည်း သိရပါတယ်။ သူတို့က တူ နှစ်ဦး၊ ယောက္ခမ ဖြစ်သူနဲ့ အတူ မိသားစု ၅ ဦး၊ ရန်ကုန်မြို့ လမ်း ၂၀ ထိပ်မှာ နေ့စဉ် ပလုံကောက် အသက်မွေးမှုပြုကြပြီး ကောက်ယူရရှိတဲ့ ပစ္စည်းတွေကို ရောင်းချကာ ညဘက်မှာ ဒလမြို့ဘက်ကို ပြန်ကြတာလို့လည်း မိသားစုဝင်တွေဆီက သိရှိရတဲ့ အချက်အလက်တချို့ကို လူမှုကူညီရေးအဖွဲ့သားတစ်ဦးက MT News ကို ပြန်လည်ပြောပြပါတယ်။
“သေဆုံးသူရဲ့ ယောက္ခမ မျက်မြင်တွေ့တာကို ပြန်ပြောပြတာက “အုန်း” ဆိုတဲ့ အသံကြီး ကြားလိုက်ပြီး သူကြည့်တဲ့အချိန် ယာဉ်တိုက်ခံရတဲ့ သားအမိက တစ်ဖက်စီ လွင့်ထွက်သွားပြီး ပြုတ်ကျသွားတယ်လို့ ပြန်ပြောပြတယ်။ သူနဲ့အတူ လိုက်ပြီး လမ်းကူးသွားတဲ့ သူ့တူလေးတစ်ယောက်ကလည်း ခြေထောက်ကျိုးသွားတယ်။ သူချီထားတဲ့ သမီးလေးကတော့ ခေါင်းထိပြီး နှာခေါင်းသွေးလျှံလို့ စိုးရိမ်ရတယ်။ တိုက်သွားတဲ့ကားက တာလပတ် အစိမ်း အုပ်ထားတယ်လို့ပဲ ပြောပြနိုင်ကြတယ်” လို့ လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးမှာ ဥမမယ်စာမမြောက် ကလေးငယ် ၃ ဦး ကျန်ရစ်ခဲ့ပြီး အမျိုးသားဖြစ်သူကလည်း ထောင်ဒဏ်ကျခံနေရသူဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ အဘွားဖြစ်သူလည်း လမ်းရဲ့ အခြားတစ်ဖက်မှာ အတူပါရှိခဲ့ပြီး ကျန်ရစ်သူ မိသားစုကို သွားရောက်ကူညီသူတွေက ထောက်ပံ့ငွေ ၃၀,၀၀၀ ကျပ် လှူဒါန်းခဲ့တဲ့အပြင် နာရေးကိစ္စတွေအတွက်ပါ ဆက်လက်ကူညီပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။


