၂၈.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဆေးရုံလမ်းရှိ Dream ဆိုင်ကယ်အရောင်းဆိုင်တွင် သြဂုတ်လ ၂၇ ရက် နံနက် ၉နာရီခွဲခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ Honda အမှတ်တံဆိပ်များ ကြေညာထားသော Solar 6KB မှ သွယ်တန်းထားသည့် LED ဆိုင်းဘုတ် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မိနစ် ၃၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ဆိုင်ကယ်အရောင်းဆိုင်နှင့် ဆိုင်ကယ်များ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဆိုင်ကယ်အရောင်းဆိုင်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်အရောင်းဆိုင်မီးလောင်ဆုံးရှုံးမှုကြောင့် ဆိုင်မန်နေဂျာ အသက် ၅၁ အရွယ် ဦးလှဦးကို ရာဇသတ်ကြီးပုဒ်မ၂၈၅ ဖြင့် ဇလွန်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

