MT News
၂၈. ၈. ၂၀၂၆
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ရပ်ကွက်(၂) ပြည်လုံးချမ်းသာရပ်နေ အမျိုးသမီးတစ်ဦးကို ရှမ်းပြည်နယ် မူဆယ်မြို့နယ် တောင်ရပ်ကွက်နေ မအေးခိုင်(ခ) မိခိုင်နှင့် ခင်ပွန်းဖြစ်သူ စိုင်းရှင်းသန့်ကျော်တို့က တရုတ်ယောက်ျားပေးစားရန် TikTok အကောင့်မှစည်းရုံးပြီး ရှမ်းပြည်နယ် ကျောက်မဲမြို့ ရပ်ကွက်(၂) နေ စုစုအေး(ခ)မမေအေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ်နေ ကိုညီတို့နှင့် ချိတ်ဆက်၍ မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေရန် ပို့ဆောင်ခဲ့ကြောင်း စိစစ်သိရှိခဲ့ရသည်။
ထို့ကြောင့် ကျူးလွန်သူများကို မူဆယ်မြို့မရဲစခန်းက (ပ)၁၂၃/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၂၅ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ စိုင်းရှင်းသန့်ကျော်အား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၈(၁)အရ အမှုမှအပြီးအပြတ်လွှတ်ရန်နှင့် မအေးခိုင်(ခ)မိခိုင်ကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ စုစုအေး(ခ)မမေအေးနှင့် ကိုညီတို့ကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ဖမ်းဝရမ်းနှင့် ပစ္စည်းကမ်းဝရမ်းပုဒ်မ ၈၇/၈၈ တို့ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
