သက်တံ့
၂၈. ၈. ၂၀၂၆
လိင်တူချင်း ချစ်ကြိုက်သည့် တရားမဝင်စာအုပ်များ ဖြန့်ချိရောင်းချနေသည့် Facebook Page ကိုးခုကို တည်ဆဲဥပဒေအရ အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ကြေညာသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ Facebook Page (၉) ခုသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)ပါ “ပြည်တွင်း ၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပို့ရမည်” ဆိုသည့် ပြဋ္ဌာန်းချက်ကိုလည်းကောင်း၊ ပုဒ်မ ၁၅ ပါ “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်ခြင်းမပြုရ” ဆိုသည့် တားမြစ်ချက်ကိုလည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီခြင်းမရှိဘဲ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များကို ရောင်းချနေသည့် တရားမဝင်စာမျက်နှာများဖြစ်ကြောင်း တွေ့ရှိရသည်။





အဆိုပါ လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များကို ရောင်းချနေသည့် Facebook Page များမှာ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ် – A Yeik ၊ Alora Eleven Book House ၊ Libra Book Shop (Chuu Sein) ၊ Nway Oo Kant Kaw – နွေဦးကံကော်စာအုပ်ဆိုင်နှင့် Z For Zodiac တို့ဖြစ်ပြီး အဆိုပါ စာပေများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရယူထားမှုမရှိခြင်း၊ ထုတ်ဝေစာများကို ဝန်ကြီးဌာနသို့ ပေးပို့ထားခြင်းမရှိသည့်အပြင် ပုံနှိပ်မှတ်တမ်းဖော်ပြထားခြင်းမရှိသော BL (Boys’ Love), GL (Girls’ Love) စာအုပ်များကို အွန်လိုင်းတွင် ကြော်ငြာ ရောင်းချနေခြင်းများကို Facebook, Telegram နှင့် TikTok တို့တွင် ရောင်းချနေသည်ကို တွေ့ရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ဝေစာများအား ဖတ်ရှုလေ့လာ၍ စိစစ်ကြပ်မတ်လျက်ရှိကြောင်းနှင့် အဆိုပါဥပဒေ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော ထုတ်ဝေစာများကိုထုတ်ဝေသည့် ပုံနှိပ်သူ၊ ထုတ်ဝေသူများ၊ ပုံနှိပ်မှတ်တမ်း ဖော်ပြထားခြင်းမရှိသည့် တရားမဝင်ထုတ်ဝေစာများကို ရောင်းချနေသည့် စာအုပ်အရောင်းဆိုင်များအား တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိသည်။





သို့ဖြစ်ပါ၍ ပုံနှိပ်သူ၊ ထုတ်ဝေသူများနှင့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များအား ရောင်းချနေ သည့် တရားမဝင်စာအုပ်အရောင်းဆိုင်များ၊ Facebook Page များအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကို ဖောက်ဖျက်နေသည့် ထုတ်ဝေစာများကို ရောင်းချခြင်းပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။
