MT News
၂၈. ၈. ၂၀၂၆
၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့အတွက် လျှောက်လွှာများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စာမေးပွဲများအတွက် ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် ကျပ် ၅၀ဝ နှင့် စာမေးပွဲဝင်ကြေးအတွက် ကျပ် ၂၀၀ဝ တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှစ၍ ဝယ်ယူနိုင်မည် ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ တင်သွင်းရာတွင် ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် လျှောက်လွှာကတ်ပြား ပုံစံနှစ်မျိုးဖြင့် ခွဲခြားသတ်မှတ်ထားပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအတွက် အပြာရောင် လျှောက်လွှာ ကတ်ပြားပုံစံဖြင့် ဖြေဆိုမည့် ဘာသာတွဲကို ရွေးချယ်ဖော်ပြရမည်ဖြစ်သည်။




ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး ကျပ် ၂၀၀ဝိတန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်သည်။
ထို့အတူ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများမှဖြေဆိုရန် လျှောက်လွှာ တင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၂၀ဝဝ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းကာ မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်သည်။
သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြ သတိပြုစေလိုကြောင်းနှင့် လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
