သတိုး
၂၇. ၈. ၂၀၂၆
မြန်မာနိုင်ငံရှိ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသည် မလက္ကာရေလက်ကြားကို ရှောင်ကွင်း၍ အိန္ဒိယသမုဒ္ဒရာသို့ သွားရောက်နိုင်မည့် ပိုမိုတိုတောင်းသော လမ်းကြောင်းကို ထိုင်းနိုင်ငံအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သော်လည်း လက်နက်ကိုင်ပဋိပခများ၊ ဘဏ္ဍာရေး အခက်အခဲများနှင့် ရုရှားနိုင်ငံ၏ ပါဝင်ပတ်သက်မှုများကြောင့် ကာလရှည်ကြာ ရပ်ဆိုင်းနေသည့် အဆိုပါ စီမံကိန်းကြီး ပြန်လည်စတင်နိုင်မည်လောဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။
အရှေ့တောင်အာရှ၏ အကြီးမားဆုံး အဓိက စက်မှုဇုန်နှင့် ဒေသတွင်း ရေကြောင်းဆိုင်ရာ ဖြတ်လမ်းတစ်ခု ဖြစ်လာနိုင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံနှင့် စက်မှုဇုန် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့အပြီး ကာလရှည်ကြာသည့်အချိန်တွင် မြန်မာနိုင်ငံသည် ရုရှား၏ ပါဝင်မှု၊ ဘန်ကောက်၏ စိတ်ပါဝင်စားမှုတို့ဖြင့် အဆိုပါ စီမံကိန်းကြီးကို ပြန်လည်စတင်ရန် ကြိုးပမ်းလျက်ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က စတင်ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ကို အရှေ့တောင်အာရှ၏ အဓိက ထွက်ပေါက်ကြီးများအနက် တစ်ခုအဖြစ် ရည်မှန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းသည် တနင်္သာရီတိုင်းအတွင်းရှိ ကျေးလက်ငါးဖမ်း ပင်လယ်ကွေ့နယ်မြေကို အန်ဒမန်ပင်လယ် (ကပ္ပလီပင်လယ်) ပေါ်ရှိ ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် ပြောင်းလဲရန်၊ ယင်းဆိပ်ကမ်း ပတ်လည်တွင် ကြီးမားသော စက်မှုဇုန်များ တည်ဆောက်ရန်နှင့် ထိုင်းနိုင်ငံ၏ အရှေ့ဘက် စီးပွားရေးစင်္ကြံ (EEC) လမ်းကြောင်းအတိုင်း စက်မှုဗဟိုချက်များထံ ကုန်းလမ်း၊ ရထားလမ်းများဖြင့် တိုက်ရိုက်ဆက်သွယ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
အာရှအရှေ့ဘက်စွန်းရှိ ဖနွမ်းပင်နှင့် ဟိုချီမင်းမြို့တို့အထိ ထုတ်လုပ်မှုဗဟိုချက်များကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးခြင်းဖြင့် ပို့ကုန်များကို မလက္ကာရေလက်ကြားမှ ဖြတ်သန်းရန် မလိုတော့ဘဲ ရက်ပေါင်းများစွာ ပိုမိုမြန်ဆန်စွာ ပို့ဆောင်နိုင်မည်ဟု စီမံကိန်းရေးဆွဲသူများက မျှော်လင့်ခဲ့ကြသည်။ ထိုင်း – မြန်မာ နှစ်နိုင်ငံလုံးသည် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၀၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြသော်လည်း ဘဏ္ဍာရေး အခက်အခဲများ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် သဘောထားကွဲလွဲမှုများကြောင့် ထိုင်းပုဂ္ဂလိက ကုမ္ပဏီများ ဦးဆောင်သည့် ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်ကို ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းခဲ့သည်။
လက်ရှိတွင် နေပြည်တော်က စီမံကိန်းကို တရားဝင် ပြန်လည်စတင်ရန် ကြိုးပမ်းနေပြီး ပင်မကန်ထရိုက်တာ ကုမ္ပဏီကို တရားဝင် မထုတ်ပြန်သေးသော်လည်း စိတ်ပါဝင်စားသည့် ပူးပေါင်းဆောင်ရွက်သူအဖြစ် ရုရှားနိုင်ငံ ပါဝင်နေသည်။
လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ မော်စကိုနှင့် နေပြည်တော်တို့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မူဘောင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၈ လအကြာတွင် ဆိပ်ကမ်း၏ နယ်နိမိတ် သတ်မှတ်မှုများ ပြီးစီးတော့မည်ဟု ပြောကြားခဲ့သည်။ ရုရှား၏ ပါဝင်ပတ်သက်မှုသည် ရေနက်ဆိပ်ကမ်း၊ ၆၆၀ မဂ္ဂါဝပ်ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် အခြား ကြီးမားသော စက်မှုဇုန်များအထိ ကျယ်ပြန့်လာခဲ့သည်။
ထိုင်းနိုင်ငံဘက်ကလည်း ထားဝယ်စီမံကိန်း၏ အားသာချက်များကို ပြန်လည်စိတ်ဝင်စားလာသည်။ ဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) ၏ ဦးဆောင်မှုအောက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာအာဏာပိုင်များအကြား ဆက်ဆံရေးမှာ မကြာမီလများအတွင်း သိသိသာသာ ပြန်လည်နွေးထွေးလာခဲ့သည်။
ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် ဩဂုတ်လအတွင်းက ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ကုန်းလမ်း၊ ရေလမ်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ယင်းအထဲတွင် ထိုင်းနယ်စပ် ကန်ချနာပူရီခရိုင်၊ ဖူးနမ့်ရွန် နယ်စပ်ဂိတ်၏ အနောက်ဘက် ကီလိုမီတာ ၁၄၀ ခန့်အကွာ၌ ရှိသော ထားဝယ် သမုဒ္ဒရာစင်္ကြံလည်း ပါဝင်သည်။
“ကျွန်တော်တို့ နှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ မြန်မာဟာ ယုံကြည်မှု၊ စိတ်ချရမှုနဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားကို အခြေခံတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်အတွက် အသင့်ဖြစ်နေပါပြီ” ဟု အနုထင်က ပြောကြားခဲ့သလို ဦးမင်းအောင်လှိုင်သည်လည်း ဘန်ကောက်တွင် ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခု၌ ထားဝယ်စီမံကိန်းကို တရားဝင် မြှင့်တင်ဆွဲဆောင်ခဲ့သည်။
ထိုသို့သော နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ ရှိနေသော်လည်း အထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ဒေသများသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
၎င်းတို့က ရုရှား၏ စိတ်ဝင်စားမှုတစ်ခုတည်းဖြင့် စီမံကိန်း အမှန်တကယ် စတင်နိုင်မည်လောဆိုသည်ကို မေးခွန်းထုတ်ထားကြပြီး ထိုင်းနိုင်ငံအနေဖြင့် ထားဝယ်စီမံကိန်းတွင် ပြန်လည်ပါဝင်ခြင်းဖြင့် မည်သည့် အကျိုးအမြတ် ရရှိမည်ကိုလည်း မေးခွန်းထုတ်ထားကြသည်။

◾️ပထဝီနိုင်ငံရေး တန်းညှိမှု
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုနှင့် ပြည်တွင်းနေရာအနှံ့ စစ်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ ဝိုင်းပယ်မှုကို ပိုမိုခံလာရသဖြင့် ရုရှားသည် အရေးပါသော မဟာမိတ်တစ်ဦး ဖြစ်လာခဲ့ကြောင်း စင်ကာပူရှိ ISEAS-Yusof Ishak ဌာန၏ တာဝန်ရှိသူ အီယန် စတိုရေး (Ian Storey) က ပြောကြားသည်။
မော်စကိုသည် မြန်မာနိုင်ငံကို ၎င်း၏ တည်နေရာ၊ သယံဇာတနှင့် စွမ်းအင်ဝယ်ယူသူ ဖြစ်လာနိုင်ခြေတို့ကြောင့် အရှေ့တောင်အာရှတွင် အားကိုးရသည့် မဟာမိတ်အဖြစ် ရှုမြင်ထားသည်။ မြန်မာနိုင်ငံသည် သံတမန်ရေးအရ အကာအကွယ်ရရှိရေး၊ စစ်ရေးပစ္စည်းများနှင့် စွမ်းအင်အကျပ်အတည်း ဖြေရှင်းရေးတို့အတွက် ရုရှားကို အားကိုးနေရပြီး ထားဝယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
“ထားဝယ်ဟာ ရုရှားအတွက် ကပ္ပလီပင်လယ်ထဲမှာ ခြေကုပ်ရစေမှာဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ မလက္ကာရေလက်ကြားကို သွားရောက်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာအကြား ဖြတ်သန်းသွားလာနေတဲ့ ရုရှား ရေငုပ်သင်္ဘောတွေအတွက် ဆိပ်ကမ်းတစ်ခုအဖြစ် အလွန်အသုံးဝင်ပါလိမ့်မယ်” ဟု စတိုရေးက ပြောသည်။
ကုလသမဂ္ဂတွင် ရုရှားသည် မြန်မာနိုင်ငံအတွက် သံတမန်ရေးရာ “ဒိုင်းလွှား” တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး မြန်မာအစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ဆန့်ကျင်ကာ လုံခြုံရေးကောင်စီတွင်လည်း အကာအကွယ်ပေးခဲ့သည်။
ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးချက်များအရ မော်စကိုသည် မြန်မာနိုင်ငံသို့ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများကို ထောက်ပံ့ပေးခဲ့ပြီး နေပြည်တော်အတွက် အသေးစား နျူကလီးယားဓာတ်ပေါင်းစက် တည်ဆောက်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် ယနေ့အထိ ကြီးမားသော ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကိုမျှ အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ကူညီမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် မြန်မာအစိုးရသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအပေါ် ထောက်ခံခဲ့ပြီး ရုရှားစစ်တပ်ထံ အပိုပစ္စည်းများနှင့် ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
“ဒါဟာ အပြန်အလှန် အကျိုးအမြတ်အပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုးပါ” ဟု စတိုရေးက ပြောသည်။
သို့သော်လည်း မြန်မာအစိုးရသည် ဘဏ္ဍာရေး အကန့်အသတ်များနှင့် နိုင်ငံတကာ၏ ဝိုင်းပယ်မှုများကို ဆက်လက်ရင်ဆိုင်နေရသည်။ အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အဓိက နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ နုတ်ထွက်သွားခဲ့ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ၊ ဆိုးရွားလာသော ပဋိပက္ခများနှင့် ခက်ခဲလာသော စီးပွားရေးပတ်ဝန်းကျင်တို့ကြောင့် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၇၄ ရာခိုင်နှုန်းအထိ ထိခိုက်ကျဆင်းသွားခဲ့ကြောင်း ISP-Myanmar က ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံသည် ထိုင်းနှင့် တရုတ်နိုင်ငံတို့ထံ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ နိုင်ငံခြားငွေ အများအပြား ဆက်လက်ရရှိနေပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၁ နှင့် ၂၀၂၅ ခုနှစ်အကြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်း၏ ထက်ဝက်နီးပါးကို ပိုင်ဆိုင်ထားကြောင်း ISP က ဆိုသည်။
တရုတ်၏ စီးပွားရေး ဩဇာလွှမ်းမိုးမှုအပေါ် အလွန်အမင်း အားကိုးနေရသဖြင့် စီးပွားရေးတန်ဖိုးထက် ပထဝီနိုင်ငံရေးအရ သက်ရောက်မှုရှိသည့် ထားဝယ်စီမံကိန်းသို့ ရုရှားကို ဖိတ်ခေါ်ခြင်းသည် နိုင်ငံခြားဆက်ဆံရေးကို ဟန်ချက်ညီစေရန် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်း ETOs Watch Coalition မှ တီရာချိုင်း ဆန်ဂျာရိုအန်ကစ်သဝန်း (Teerachai Sanjaroenkijthaworn) က ပြောသည်။
“သူတို့က ရုရှားကို ခေါ်ယူတာဟာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညှိဖို့ ပထဝီနိုင်ငံရေးအရ အကွက်ရွှေ့တာဖြစ်သလို မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုကြီးတွေအတွက် ပွင့်လင်းနေဆဲဆိုတာကို နိုင်ငံတကာကို ပြသချင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း အခြားလေ့လာစောင့်ကြည့်သူအချို့က ရုရှားအနေဖြင့် စီမံကိန်းတစ်ခုလုံးကို မူလမှန်းဆထားသည့် အတိုင်းအတာအတိုင်း လက်တွေ့ တည်ဆောက်နိုင်ပါ့မလားဆိုသည်ကို သံသယရှိကြသည်။ ဆိပ်ကမ်းတစ်ခု ဖြစ်ရုံမျှမက ထား၀ယ်စီမံကိန်း ရေရှည်တည်တံ့ရန်အတွက် အခြေခံအဆောက်အအုံ၊ စက်မှုဇုန်များ၊ ကုန်သွယ်ထောက်ပို့မှုနှင့် ဆက်သွယ်ရေး ကွန်ရက်များကို ဘဏ္ဍာရေးအရ စနစ်တကျ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံမှ စီးပွားရေးမူဝါဒရေးဆွဲသူ အရာရှိဟောင်းတစ်ဦးက CNA သို့ ပြောကြားခဲ့သည်။
“ဒါကြောင့် အဓိကမေးခွန်းက ရုရှားအနေနဲ့ ထားဝယ်မှာ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ရှိမရှိ ဆိုတာတင်မကဘဲ စီမံကိန်းကြီး ရေရှည်တည်တံ့ဖို့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာစွမ်းရည်နဲ့ စက်မှုဇုန်တွေကို မြောက်မြားစွာသော ဘဏ္ဍာရေးနဲ့အတူ စည်းရုံးနိုင်မလား ဆိုတာပါပဲ” ဟု ၎င်းက ဆိုသည်။
ရုရှား၏ ပါဝင်မှုသည် “အလှမ်းဝေးလွန်းနေပုံရသည်” ဟု ဘန်ကောက်ရှိ သမ္မဆတ်တက္ကသိုလ်မှ ပါမောက္ခ ရုသ် ဘာနိုမြောင် (Ruth Banomyong) က ပြောသလို “နိုင်ငံရေး စိတ်ဝင်စားမှု ဒါမှမဟုတ် သံတမန်ရေးရာ ထုတ်ပြန်ချက်တွေကို ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်မှုနဲ့ ရောထွေးမပစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

◾️ပဋိပက္ခကြားမှ စင်္ကြံလမ်း
မြန်မာနိုင်ငံ၏ ကပ္ပလီပင်လယ် ကမ်းရိုးတန်းသည်လည်း ပဋိပက္ခများ၏ လက်အောက်တွင် ရှိနေဆဲဖြစ်သည်။ မြန်မာ့တပ်မတော်သည် ဇူလိုင်လမှစ၍ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားသော နေရာများကို ရှင်းလင်းရန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ကုန်ပိုင်းတွင် ETOs Watch ၏ အစီရင်ခံစာတစ်ခု၌ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရုံးအဆောက်အအုံများ စွန့်ပစ်ခံထားရပြီး တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
ပြင်ပလူများ အဆိုပါဒေသသို့ ဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်သလို ဒေသခံများ၏ လုံခြုံရေးသည် သီးခြားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများတွင်သာ ရှိတော့ကြောင်း တီရာချိုင်း က ပြောသည်။
“ဒေသခံတွေရဲ့ ချက်ချင်း ဦးစားပေးက အသက်ရှင်သန်ရေးပါပဲ။ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ တောထဲမှာ ဒါမှမဟုတ် ထိုင်းနယ်စပ်အနီးမှာ ယာယီခိုလှုံနေရပါတယ်” ဟု ၎င်းက ဆိုသလို “ဘယ်ဖွံ့ဖြိုးရေးမဆို မြေပြင်မှာ နယ်မြေစိုးမိုးမှုရှိဖို့ လိုပါတယ်။ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် သူတို့ နယ်မြေမစိုးမိုးနိုင်သေးသလို ရင်းနှီးမြှုပ်နှံမှုအသစ်တွေအတွက်လည်း ပြင်ဆင်နိုင်ခြင်း မရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
အကျိုးဆက်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်များက စီမံကိန်း မကြာမီ ပြန်လည်စတင်နိုင်မည် မဟုတ်ကြောင်း ၎င်းအား ပြောကြားခဲ့ကြသည်။
ထားဝယ်ကို ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ပေးမည့် လမ်းကြောင်းသည်လည်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို ဖြတ်သန်းရမည်ဖြစ်သည်။ မြန်မာ့စီးပွားရေး မူဝါဒရေးဆွဲသူ အရာရှိဟောင်းတစ်ဦးက ထားဝယ်စီမံကိန်း အသက်ဝင်ရန်အတွက် ထိုင်းနိုင်ငံသည် “အလွန်အရေးကြီးကြောင်း” နှင့် ရေရှည်လုံခြုံရေးမရှိဘဲ ရင်းနှီးမြှုပ်နှံသူများ လာရောက်မည်မဟုတ်ကြောင်း ပြောသည်။
အဆိုပါ အချက်များကြောင့် ထားဝယ်စီမံကိန်းသည် “အစိုးရ နောက်ခံရှိသည့် ရင်းနှီးမြှုပ်နှံသူမျိုးအတွက်သာ ဖြစ်နိုင်ခြေရှိတော့မည်” ဟု ISEAS-Yusof Ishak ဌာနမှ ဂျာရက် ဘစ်ဆင်ဂါ (Jared Bissinger) က ပြောသလို စီးပွားရေးအရ အခွင့်အလမ်းရှိလျှင်ပင် ရှုပ်ထွေးသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကြောင့် ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ် မတိုင်မီကပင် ထားဝယ်စီမံကိန်းသည် ဒေသခံများ၏ ဆန့်ကျင်မှုနှင့် လူ့အခွင့်အရေး စိုးရိမ်မှုများကြောင့် နှောင့်နှေးခဲ့ရသည်။ စီမံကိန်းတွင် ပါဝင်သည့် လမ်းများနှင့် ရေကာတာ တည်ဆောက်မှုများကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာခဲ့ရပြီး လျှော်ကြေး နည်းပါးစွာသာ ရရှိခဲ့ကြသဖြင့် ထားဝယ်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် လမ်းများကို မကြာခဏ ပိတ်ဆို့ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

◾️ ဒေသတွင်း စီးပွားရေးစင်္ကြံတစ်ခု ဖြစ်လာနိုင်သလား
၁၇ ရာစုကတည်းက ထိုင်းဘုရင်များနှင့် အစိုးရများသည် မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ရန် ကရာ အလယ်ကျွန်းဆွယ် (Kra Isthmus) တွင် ဖြတ်လမ်းတစ်ခု ဖန်တီးရန် စဉ်းစားခဲ့ကြသည်။ အီဂျစ်၏ ဆူးအက်တူးမြောင်းနှင့် ပနားမားတူးမြောင်းတို့ အောင်မြင်မှုရရှိခဲ့ခြင်းက အခြားကုန်သွယ်ရေး လမ်းကြောင်းသစ်တစ်ခု၏ ဆွဲဆောင်မှုကို ပိုမိုအားကောင်းစေခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းနှင့် ခြုံဖုန်းခရိုင်များကို ချိတ်ဆက်မည့် ဒေါ်လာ ဘီလီယံ ၃၀ တန် Land Bridge စီမံကိန်းကို ရေးဆွဲခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်တွင် အဆိုပါ ၉၀ ကီလိုမီတာရှိ စီမံကိန်းကြီးကို ရပ်ဆိုင်းခဲ့သည်။ ထိုင်းအစိုးရ၏ ပြန်လည်စိစစ်ချက်များအရ စီးပွားရေးအရ တွက်ခြေမကိုက်ခြင်းနှင့် ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သော်လည်း စီမံကိန်းကို လုံးဝစွန့်လွှတ်လိုက်ခြင်း မဟုတ်ကြောင်း အနုထင် က ပြောဆိုထားသည်။
အဆိုပါ Land Bridge စီမံကိန်း၏ မြောက်ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာတွင် ရှိသော ထားဝယ်စီမံကိန်းသည် ဥရောပ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းတို့သို့ သွားရောက်နိုင်မည့် အက်ဒမန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေး လမ်းကြောင်းများကို တိုက်ရိုက် ရရှိနိုင်သည့် အခြားနည်းလမ်းတစ်ခု ဖြစ်လာသည်။
ထို့အပြင် Ruth က Land Bridge ရပ်ဆိုင်းခြင်းနှင့် ထားဝယ်စီမံကိန်း ပြန်လည်ဆွေးနွေးလာခြင်းတို့အကြား တိုက်ရိုက်ဆက်စပ်မှုပြုလုပ်ရန် သတိပေးထားသည်။ ထားဝယ်သည် ထိုင်းနိုင်ငံ၏ မရှိမဖြစ် လိုအပ်ချက်တစ်ခုအဖြစ် ဖော်ပြနေခြင်းသည် Land Bridge တွင် ကျူးလွန်ခဲ့သည့် အမှားမျိုးကို ထပ်မံပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဝေဖန်သည်။
ထို့အပြင် မိမိနိုင်ငံအတွင်း ရနောင်း၌ စက်မှုဇုန်တည်ဆောက်မည့်အစား အိမ်နီးချင်း မြန်မာနိုင်ငံဘက်တွင် ပြုလုပ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို အပြင်သို့ လက်ညှိုးထိုးလွှဲပြောင်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း တီရာချိုင်းက ထောက်ပြသည်။
အလားတူ ပိတ်ဆို့အရေးယူမှုများ ခံထားရသည့် မြန်မာအစိုးရနှင့် စီးပွားရေး လုပ်ဆောင်ခြင်းသည် ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများ ရှိနေသည်။ ထိုင်းနိုင်ငံသည် OECD အဖွဲ့ဝင်ဖြစ်ရန် တရားဝင် လျှောက်ထားဆဲ နိုင်ငံဖြစ်သဖြင့် စုစည်းအုပ်ချုပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်ဝတ်များအတိုင်း စိစစ်ခံရမည် ဖြစ်သည်။
မြန်မာအစိုးရနှင့် စီးပွားရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံ၏ နိုင်ငံတကာ အဆင့်အတန်းနှင့် တင်းမာမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်းနှင့် “ပိတ်ဆို့ခံထားရတဲ့ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်တာဟာ ဝေဖန်ခံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကို မလွဲမသွေ ဆက်စပ်သွားစေလိမ့်မယ်” ဟု တီရာချိုင်း က ပြောကြားခဲ့သည်။
Ref: CNA
