၂၇.၈.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် သြဂုတ် ၂၇ ရက် နံနက်က ဂျကာတာမြို့လယ်ရှိ အင်ဒိုနီးရှား ပါလီမန်၏ Senayan ဥပဒေပြုရေး အဆောက်အအုံဝင်း၌ အဖွဲ့များစွာ စုဝေးခဲ့ကြပြီး အဂတိလိုက်စား သော အရာရှိများအတွက် သေဒဏ်ပေးခြင်းနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို လျင်မြန်စွာ အတည်ပြုခြင်းမှသည် အခြေခံလိုအပ်ကုန်များအတွက် ဈေးနှုန်းများ လျှော့ချရန်အထိ တောင်းဆိုခဲ့ကြသည်။
၎င်းတို့ထဲတွင် ဗဟိုဂျာဗားပြည်နယ်၊ ပတိခရိုင်မှ ဒေသခံများပါဝင်ကြပြီး United Pati People’s Alliance (AMPB) ၏ အလံအောက်တွင် စုဝေးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် သြဂုတ် ၂၇ ရက် စုဝေးပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ပြီးခဲ့သည့်အပတ်ကစ၍ ထောက်ခံသူများကို စည်းရုံးပြီး မြို့တော်သို့ ပို့ဆောင်ပေးနေခဲ့သည်။
ဆန္ဒပြသူများကို သယ်ဆောင်လာသော ဘတ်စ်ကားများစွာကို ဂျကာတာသို့ ခရီးသွားနေစဉ် ရဲများက ရပ်တန့်စေခဲ့ပြီး AMPB ညှိနှိုင်းရေးမှူး ဆူပရီယိုနို ပိုင် ဘဏ်အကောင့်တစ်ခုကို Bank Mandiri မှ ယာယီပိတ်ဆို့ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် ယင်းလုပ်ရပ်သည် လူထု၏ ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံပိုင် Mandiri ဘဏ်ကို သပိတ်မှောက်ရန် တောင်းဆိုမှုများ ဖြစ်ပေါ်စေခဲ့သည်။



အဆိုပါ အစီအမံများသည် အဖွဲ့ကို မတားဆီးနိုင်ခဲ့ပေ။ သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ဆူပရီယိုနိုက ဥပဒေပြုရေး အဆောက်အအုံအပြင်ဘက်တွင် သတင်းထောက်များအား လူထု၏ အလှူငွေများကြောင့် နောက်ထပ် ဘတ်စ်ကား ငါးစီးသည် ဂျကာတာသို့ ရောက်ရှိလာရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ကျောင်းများနှင့် စီးပွားရေးလုပ်ငန်း အပါအဝင် အများပြည်သူ့လှုပ်ရှားမှုများကို မထိခိုက်ဘဲ ဆန္ဒပြပွဲများကို ဘေးကင်းလုံခြုံစွာနှင့် စနစ်တကျ ဆက်လက်လုပ်ဆောင်နိုင်ရန် ခွင့်ပြုထားကြောင်း ပြောခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ပထမဆုံး အဆိုပြုခဲ့သော်လည်း နှစ်ပေါင်းများစွာ ရွှေ့ဆိုင်းထားခဲ့သော ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ရာဇဝတ်မှုမှ ရရှိသော ပိုင်ဆိုင်မှုများကို ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း မပြုမီတွင်ပင် နိုင်ငံတော်အနေဖြင့် သိမ်းဆည်းနိုင်မည်ဖြစ်သည်။ သို့သော် ကျွမ်းကျင်သူများက ယင်းဥပဒေသည် နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ်ထားရန် သို့မဟုတ် ငွေညှစ်ရန် ကိရိယာတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။
Ref-The Star
