သက်တံ့
၂၇. ၈. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ မွန်တာနာပြည်နယ်၊ ဘီလင်မြို့ (Billings) အပြင်ဘက် Sherwood Park ရှိ နေအိမ်တစ်အိမ်တွင် တနင်္ဂနွေနေ့က မိသားစုဆုံစည်းပွဲ ပြုလုပ်နေစဉ်အတွင်း အမျိုးသားတစ်ဦးက လူကြီး ၄ ဦးနှင့် ကလေး ၄ ဦးတို့အား သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ နေအိမ်အတွင်း မီးဟုန်းဟုန်းတောက်လောင်မှု မဖြစ်ပွားမီ သေနတ်သမားတစ်ဦး ရောက်ရှိနေကြောင်း ဖုန်းဆက်သွယ်သတင်းပို့မှု ရရှိခဲ့သည်ဟု ပြည်သူရွေးကောက်တင်မြှောက်သည့် Yellowstone ခရိုင်ရဲအရာရှိရုံးက ပြောကြားခဲ့သည်။
“လက်ရှိ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စုံစမ်းစစ်ဆေးသူတွေက ကလေးငယ် ၄ ဦးနဲ့ လူကြီး ၄ ဦး၊ စုစုပေါင်း အလောင်း ၈ လောင်းရှိတယ်လို့ ယူဆထားပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘေးကင်းကင်းနဲ့ ပြန်လည်ဆယ်ယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ဆက်လက်လှုပ်ရှားဆောင်ရွက်နေရဆဲဖြစ်ပြီး နောက်ထပ် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်” ဟု Yellowstone ခရိုင်ရဲအရာရှိရုံးက ဗုဒ္ဓဟူးနေ့တွင် Global News သို့ ပြောကြားခဲ့သည်။

Sherwood Park ရှိ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခြင်းသည် စောင့်ကြည့်စစ်ဆေးခံနေရသည့် အဆိုပါနေရာ၌ ဆက်တိုက်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ယင်းနေရာမှာ အချိန်အတန်ကြာ စိစစ်စုံစမ်းခံနေရသော နေရာတစ်ခုဖြစ်သည်။
အခင်းဖြစ်ပွားသည့်နေရာ၌ “အင်အားအမြောက်အမြားဖြင့် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်” ဟု ရဲတပ်ဖွဲ့က ပြောသည်။
“နေအိမ်ရဲ့ အခြေအနေနဲ့ အဆောက်အအုံကြံ့ခိုင်မှု ပျက်စီးနေမှုတို့ကြောင့် ရုပ်အလောင်းဆယ်ယူရေးနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ ဂရုတစိုက် လုပ်ဆောင်နေရပါတယ်။ ဒါဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အခင်းဖြစ်နေရာမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးထားပါတယ်” ဟု ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။
Yellowstone ခရိုင်ရဲအရာရှိရုံးက စိတ်မကောင်းစရာ ဖြစ်ရပ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် မိသားစုများနှင့် ချစ်ခင်ရသူများအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ အသိုင်းအဝိုင်းတစ်ခုလုံးအပေါ် နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်မှုရှိခဲ့တာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒီလို အလွန်ခက်ခဲတဲ့ အချိန်အတွင်း ထိခိုက်ခံစားရသူ အားလုံးနဲ့အတူ ကျွန်တော်တို့ စာနာစိတ်ဝေမျှလျက် ရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
အဆိုပါ စုံစမ်းစစ်ဆေးမှုကို ဘီလင်ရဲတပ်ဖွဲ့၊ ဒေသတွင်း၊ ပြည်နယ်နှင့် ဖက်ဒရယ် အေဂျင်စီများစွာတို့နှင့် ပူးပေါင်း၍ Yellowstone ခရိုင်ရဲအရာရှိရုံးက လုပ်ဆောင်နေခြင်းဖြစ်သည်။
အဆိုပါအမျိုးသား၏ မိဘများက ၎င်းအား အိမ်မှထွက်သွားရန် ပြောဆိုခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက The Associated Press သို့ ပြောကြားခဲ့သည်။

သေဆုံးသွားသူများအနက် ဇနီးဟောင်းနှင့် ကလေးနှစ်ဦး ပါဝင်သေဆုံးခဲ့ရသည့် ဘရက်ဒ် အိုင်ယာလန် (Brad Ireland) ၏ ပြောကြားချက်အရ သေနတ်သမားမှာ အသက် ၄၄ နှစ်အရွယ် အယ်လန် စမစ် (Alan Smith) ဖြစ်ကြောင်း The Associated Press သတင်းတွင် ဖော်ပြထားသည်။
သံသယရှိသူအား အတည်ပြုနိုင်ခဲ့ပြီး ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း “မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း” Yellowstone ခရိုင်ရဲအရာရှိရုံးက Global News သို့ ယခင်က ပြောကြားခဲ့ဖူးသည်။
မြေပြင်စုံစမ်းစစ်ဆေးမှုများအရ အဆိုပါဖြစ်စဉ်သည် “မိသားစုတွင်း ပြဿနာဖြစ်ပွားမှုမှ စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး မသိကျွမ်းသည့် ရမ်းကားသော အကြမ်းဖက်မှုမျိုး မဟုတ်ကြောင်း” ရဲတပ်ဖွဲ့က ပြောသည်။ သေဆုံးသူများမှာ အသက် ၇ နှစ်မှ ၉၂ နှစ်အတွင်းရှိသူများ ဖြစ်ကြသည်။ အသက် ၄၄ နှစ်အရွယ် တရားခံသည် ၎င်း၏ မိဘများနှင့်အတူ တစ်အိမ်တည်း နေထိုင်သူဖြစ်ပြီး၊ အခင်းမဖြစ်ပွားမီ ရက်သတ္တပတ်အနည်းငယ်က မိဘများက သူ့ကို အိမ်ပေါ်က ဆင်းသွားရန် နှင်ချခံခဲ့ရသည့်အတွက် မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ဆွေမျိုးများ၏ ပြောပြချက်အရ ၎င်းသည် ကာလရှည်ကြာ စိတ်ကျန်းမာရေး ဝေဒနာ ခံစားနေရပြီး လောင်းကစား စွဲလမ်းသည့် ပြဿနာလည်း ရှိနေခဲ့သည်။ ထို့ကြောင့် မိသားစုဝင်များ တနင်္ဂနွေနေ့ ညစာ အတူစားရန် လူစုံတက်စုံ စုဝေးနေချိန်ကို တမင်ရွေးချယ်ကာ သေနတ်များ၊ ခဲယမ်းများနှင့် အိမ်ကို မီးရှို့ရန် ဓာတ်ဆီဘူးများပါ ကြိုတင်ပြင်ဆင် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း တရားခံပါ သေဆုံးခဲ့သည့်အတွက် မိသားစုဝင် ၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်။
တနင်္လာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘီလင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ရှောန် မေယို (Shawn Mayo) က နေအိမ်အတွင်း မီးလောင်မှုကို တွေ့ရှိချိန်တွင် “မီးလောင်မှုကြောင့် ဘေးကင်းစွာ ကယ်ဆယ်ရန် သို့မဟုတ် ရုပ်အလောင်းများ ဆယ်ယူရန် ကြိုးပမ်းမှုများကို ပိတ်ဆို့ထားသည့်အတွက် မီးငြိမ်းသတ်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ရကြောင်း” ပြောကြားခဲ့သည်။

“အဆောက်အအုံတစ်ခုလုံးဆီ မီးကူးစက်သွားတာကို ထိန်းချုပ်ဖို့နဲ့ ဘေးပတ်ဝန်းကျင် အိမ်တွေကို မီးမကူးစက်အောင် တားဆီးဖို့ ဘီလင်မီးသတ်တပ်ဖွဲ့က ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ မီးကို နောက်ဆုံးမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ညလုံးပေါက် စောင့်ကြည့်ခဲ့ပါတယ်” ဟု မေယို က ဆက်လက်ပြောသည်။
Yellowstone ခရိုင်ရဲအရာရှိရုံး၏ ယာယီအကြီးအကဲ ကန့်တ် အိုဒွန်နယ် (Kent O’Donnell) က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါနေအိမ်၌ “လူကြီး အများအပြားနှင့် ကလေး အများအပြား” သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
“မီးလောင်မှုနဲ့ မီးငြှိမ်းသတ်ဖို့ သုံးခဲ့ရတဲ့ ရေတွေကြောင့် ပြစ်မှုဖြစ်ပွားရာနေရာ စုံစမ်းစစ်ဆေးမှုနဲ့ သက်သေအထောက်အထား ဆယ်ယူမှုတွေကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်” ဟု အိုဒွန်နယ် က ပြောသလို”ဒါကြောင့် ဒီစုံစမ်းစစ်ဆေးမှုကို ပြီးဆုံးအောင် ဆောင်ရွက်နေချိန်မှာ စိတ်ရှည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
Ref: Global News & AP
