သက်တံ့
၂၇. ၈. ၂၀၂၆
အီတလီနိုင်ငံမြောက်ပိုင်း ပီးဒ်မွန် (Piedmont) ဒေသတွင် ဂျိုင်ရိုကော့ပတာ (Gyrocopter) အမျိုးအစား လေယာဉ်ငယ်တစ်စင်း အထူးထိတ်လန့်ဖွယ် ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးသွားခဲ့သည်။
အဆိုပါ လေယာဉ်ငယ်သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၃၀ နာရီခန့်တွင် အီတလီနယ်စပ် အော့ဆိုလာ (Ossola) ဒေသနှင့် ဆွစ်ဇာလန် နယ်စပ်အနီးရှိ အထက် အန်းထရိုနာတောင်ကြား (Antrona Valley) အတွင်း ကေဘယ်ကား ကြိုးများနှင့် ငြိကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဘော်ဂိုစီရှား (Borgosesia) မှ ထွက်ခွာလာသည့် ၁၁၈ အရေးပေါ် ကူညီကယ်ဆယ်ရေး ရဟတ်ယာဉ်၊ မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် Guardia di Finanza ၏ အယ်လ်ပိုင်း တောင်တန်း ကယ်ဆယ်ရေးအဖွဲ့ (Alpine Rescue Service) တို့ အပါအဝင် အရေးပေါ် ဌာနများစွာ အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံး သွားရောက်ခဲ့ကြသည်။
ကြိုးနှင့် တိုက်မိပြီးနောက် လေယာဉ်မှာ ကမ်ပလစ်စီယိုလီ ရေကန် (Lake Campliccioli) ကမ်းစပ်အနီး ရေကာတာဘေးရှိ မြက်ခင်းပြင်ပေါ်သို့ မီးလုံးကြီးအဖြစ် တောက်လောင်ကာ ပျက်ကျသွားခဲ့သည်။
သေဆုံးသူနှစ်ဦး စီးနင်းလာသည့် ဂျိုင်ရိုကော့ပတာ (Gyrocopter) သည် အလေးချိန်ပေါ့ပါးပြီး ပုံမှန်အားဖြင့် လူ ၂ ဦး စီးနင်းနိုင်သော အပန်းဖြေ လေယာဉ်ငယ်အမျိုးအစားဖြစ်ကာ တောင်တန်းထူထပ်သည့် ဒေသများတွင် အနိမ့်ပျံသန်း၍ ရှုခင်းကြည့်ရှုရန် ရေပန်းစားသည့် လေယာဉ်မျိုးဖြစ်သည်။
လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
Ref: Mirror
