သက်တံ့
၂၇. ၈. ၂၀၂၆
ဘီလျံနာ အီလွန်မတ်စ် ၏ SpaceX သည် လနှင့် အင်္ဂါဂြိုဟ် (Mars) သို့ စူးစမ်းလေ့လာရေး အစီအစဉ်များအတွက် အကြီးမားဆုံး ဒုံးပျံလွှတ်တင်ရေး စခန်းတစ်ခုကို ဒေါ်လာ ၁၀၀ ဘီလီယံ ကုန်ကျခံ၍ တည်ဆောက်ရန် ပြင်ဆင်နေသည်။
ကုမ္ပဏီသည် လူဝီစီယားနားပြည်နယ် (Louisiana) တောင်ပိုင်းရှိ ကမ်းရိုးတန်း ရေဝပ်ဒေသများကို Starship ဒုံးပျံများနှင့် AI ဂြိုဟ်တုများကို တည်ဆောက်၍ လွှတ်တင်နိုင်မည့် “မိမိကိုယ်တိုင် ရပ်တည်နိုင်သော” အာကာသစခန်းတစ်ခုအဖြစ် ပြောင်းလဲရန် မျှော်လင့်ထားသည်။
SpaceX က “Starbase Louisiana” ဟု အမည်ပေးထားသည့် ပီကန်ကျွန်း (Pecan Island) ပေါ်ရှိ ဧက ၁၂၅,၀၀၀ (ဟက်တာ ၅၀,၅၈၅) ကျယ်ဝန်းသော အဆိုပါ နေရာသည် တက္ကဆပ်ပြည်နယ် တောင်ပိုင်းရှိ Starship လွှတ်တင်ရေး လုပ်ငန်းများအပြင် ဖလော်ရီဒါပြည်နယ်၌ တည်ဆောက်ရန် စီစဉ်ထားသည့် နေရာများထက်ပို၍ ကုမ္ပဏီ၏ ဒုတိယမျိုးဆက် ဒုံးပျံစခန်းများ တိုးချဲ့သည့် အစီအစဉ် ဖြစ်သည်။
ကုမ္ပဏီ၏ ဒုတိယမြောက် Starbase စခန်းသည် အနာဂတ်တွင် တစ်နှစ်လျှင် Starship အာကာသယာဉ်များကို အစီးရေ ထောင်ဂဏန်းအထိ လွှတ်တင်သွားမည်ဟု SpaceX ဥက္ကဋ္ဌ ဂွင်နီ ရှော့တ်ဝဲလ် (Gwynne Shotwell) က ပြောကြားခဲ့သည်။
တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ပြီး ပထမဆုံး Starship လွှတ်တင်မှုကို ၂၀၂၉ ခုနှစ်တွင် ပြုလုပ်မည်ဟု SpaceX က ဆိုသည်။ ရှော့တ်ဝဲလ်သည် လူဝီစီယားနားပြည်နယ် ဗာမီလီယံခရိုင် (Vermilion Parish) ရှိ လျာထားနေရာအနီး ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်းဒရီ (Jeff Landry) နှင့် ပြည်နယ်အရာရှိကြီးများနှင့်အတူ အဆိုပါ အစီအစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
SpaceX က စိတ်ကူးပုံဖော်ထားသည့် “မိမိကိုယ်တိုင် ရပ်တည်နိုင်သော” အာကာသစခန်းတွင် ဒုံးပျံလောင်စာအတွက် မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ တက္ကဆပ်မှ Starship ဒုံးပျံများကို သယ်ယူရန် ရေနက်ဆိပ်ကမ်း၊ ဒုံးပျံပြုပြင်ထိန်းသိမ်းရေး စက်ရုံများနှင့် လေဆိပ်တစ်ခုလည်း ပါဝင်နိုင်ကြောင်း ရှော့တ်ဝဲလ်က ပြောခဲ့သည်။
အဆိုပါ စီမံကိန်းနယ်မြေသည် မန်ဟက်တန် (Manhattan) ထက် ၈ ဆကျော် ကျယ်ဝန်းသည်။ ရှော့တ်ဝဲလ်က မြေနေရာ၏ “အလွန်ကြီးမားသော အစိတ်အပိုင်းများ” ကို မူလ သဘာဝအတိုင်း ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး SpaceX ၏ ဗီဒီယိုပြသချက်တွင်လည်း သစ်တောများဝန်းရံထားသည့် လွှတ်တင်ရေးစခန်း အများအပြားကို တွေ့မြင်ရသည်။
အဆိုပါ နေရာသည် ရေနံကုမ္ပဏီကြီး ဖြစ်သည့် ExxonMobil က ကမ်းရိုးတန်း ရေနံတူးဖော်မှုနှင့် မြောင်းတူးဖော်မှုများကြောင့် ပြည်နယ်၏ ရေဝပ်ဒေသများ ဆုံးရှုံးခဲ့ရသည်ဟု ဆိုကာ ဒေသခံခရိုင်များက ဆယ်စုနှစ်တစ်ခုကြာ တရားစွဲဆိုထားသည့် နေရာတစ်ခုဖြစ်သည်။ ပြည်နယ်အစိုးရသည် ယင်းအမှုကို ရုပ်သိမ်းရန် Exxon နှင့် ဇွန်လတွင် သဘောတူညီမှု ရရှိခဲ့သည်။
ထို့ကြောင့် လူဝီစီယားနား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွင်းရေးမှူး စူဇန် ဘူးဂျိုးစ် (Susan Bourgeois) က ယခုသဘောတူညီချက်သည် SpaceX ၏ ၁၈ မိုင် (၂၉ ကီလိုမီတာ) ရှည်လျားသော ကမ်းရိုးတန်းဒေသတွင် အာကာသစခန်း တည်ဆောက်မည့် အစီအစဉ်အတွက် လမ်းပွင့်သွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။
SpaceX သည် တင်းနက်ဆီနှင့် မစ္စစ္စပီတို့တွင် Colossus AI ဒေတာစင်တာများ၊ တက္ကဆပ်ပြည်နယ် အော်စတင်တွင် Starlink စက်ရုံများကို တည်ဆောက်ခဲ့ပြီး အမေရိကန်တောင်ပိုင်း၌ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ တိုးချဲ့ခဲ့သည်။
“ဒီစီမံကိန်းဟာ သံမဏိ၊ နည်းပညာနဲ့ အရင်းအနှီးတွေထက် ပိုပါတယ်။ ဒါဟာ ဒေသခံ မိသားစုတွေအတွက် အလုပ်အကိုင်တွေ၊ လူ့အဖွဲ့အစည်းအတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ်းရိုးတန်း ကာကွယ်ရေးတွေကို ကိုယ်စားပြုပါတယ်” ဟု အုပ်ချုပ်ရေးမှူး လန်းဒရီက ပြောကြားခဲ့သည်။
လူဝီစီယားနား စခန်းသည် ဒေသတွင်း၌ အလုပ်အကိုင် ၃,၀၀၀ ကျော် ဖန်တီးပေးမည်ဟု SpaceX က ဆိုသည်။ ထိုအလုပ်အကိုင်များသည် ရရှိနေကျ ပျမ်းမျှလစာထက် ၁၉၂ ရာခိုင်နှုန်း ပိုမိုမြင့်မားကာ ပျမ်းမျှ တစ်နှစ်လျှင် ဒေါ်လာ ၉၂,၆၀၀ ရရှိမည်ဟု အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။
အမေရိကန်တွင် ၄ ခုမြောက်ဖြစ်လာမည့် ယခု လွှတ်တင်ရေးစခန်းသည် ပထမဆုံး Starbase တည်ဆောက်ခဲ့သည့် တက္ကဆပ်တောင်ပိုင်း စခန်းထက် ပိုမိုကြီးမားမည်ဖြစ်သည်။ သို့သော် လူဝီစီယားနား စခန်းတွင် ဒုံးပျံထုတ်လုပ်သည့် စက်ရုံများ ပါဝင်မည်မဟုတ်ပေ။
SpaceX ပိုင်ရှင် အီလွန် မတ်စ်ခ် (Elon Musk) က Starship ဒုံးပျံများသည် Starlink ဂြိုဟ်တု ကွန်ရက်ကို တိုးချဲ့ရန်နှင့် အနာဂတ်တွင် ဒေတာပြုပြင်ကူညီပေးမည့် AI ဂြိုဟ်တု ၁ သန်းအထိ လွှတ်တင်ရန်အတွက် အရေးပါသည်ဟု ယူဆထားသည်။ ထို့အပြင် NASA ၏ Artemis လကမ္ဘာ စီမံကိန်းတွင်လည်း ယခု ဒုံးပျံက အဓိက ပါဝင်နေသည်။
ပီကန်ကျွန်းသည် မတ်စ်ခ်၏ ဂြိုဟ်တု စီမံကိန်းများအတွက် ပထဝီဝင်အနေအထားအရ အလွန် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်။ ဒုံးပျံများကို ပင်လယ်ကွေ့ဘက်သို့ တောင်ဘက်သို့ လွှတ်တင်နိုင်ပြီး နေရောင်ခြည် စွမ်းအင်သုံး AI ဂြိုဟ်တုများအတွက် နေရောင် အပြည့်အဝရရှိနိုင်သော Sun-synchronous orbit သို့ ရောက်ရှိစေမည်ဖြစ်သည်။
Starbase Texas သည် လက်ရှိတွင် Starship ဒုံးပျံများကို လွှတ်တင်နေသည့် တစ်ခုတည်းသော စခန်းဖြစ်ပြီး SpaceX သည် ဖလော်ရီဒါရှိ Falcon 9 စခန်းများ ဘေးတွင် Starship လွှတ်တင်ရေးစခန်း ၂ ခုကိုလည်း တည်ဆောက်နေသည်။ ထို့အပြင် ကာလီဖိုးနီးယားရှိ Vandenberg စခန်းတွင်လည်း Falcon 9 လွှတ်တင်ရေး စခန်းများ ရှိသည်။
SpaceX သည် တက္ကဆပ်ရှိ Boca Chica ကို Starbase အဖြစ် ပြောင်းလဲစဉ်က ဒေသခံများထံမှ ရေထု၊ သဘာဝပတ်ဝန်းကျင်၊ အသံညစ်ညမ်းမှုများနှင့် မြေကွက်များ ရောင်းချရန် ဖိအားပေးခံရမှုများကြောင့် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ရှော့တ်ဝဲလ်က ၎င်းတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များကို အလေးပေး ပြောကြားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရေကြီးရေလျှံမှုမှ ကာကွယ်ပေးသည့် ပီကန်ကျွန်း၏ ရေဝပ်ဒေသများကို ပြန်လည် ထိန်းသိမ်းသွားမည်ဟု ဆိုသည်။
ပီကန်ကျွန်းသည် ဆောင်းခိုငှက် မျိုးစိတ်များစွာအတွက် အရေးပါသော ကာကွယ်တားဆီးထားသည့် နေရာတစ်ခုဖြစ်သည်။ Starbase Texas တွင် ဒုံးပျံလွှတ်တင်မှုများကြောင့် ကမ်းခြေနေ ငှက်များနှင့် ၎င်းတို့၏ အသိုက်များ ပျက်စီးခဲ့ရဖူးကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များက ပြောဆိုထားသည်။
“ဒုံးပျံလွှတ်ချိန်မှာ ငှက်တွေ ခဏ ပျံပြေးသွားနိုင်ပေမဲ့ သူတို့ ပြန်လာကြမှာ သေချာပါတယ်။ ဒုံးပျံ ထွက်သွားတာနဲ့ ငှက်တွေ ချက်ချင်း ပြန်လာကြမှာပါ” ဟု ရှော့တ်ဝဲလ်က ပြောကြားခဲ့ရာ ပြည်နယ် အရာရှိများ၏ လက်ခုပ်သံများ ထွက်ပေါ်ခဲ့သည်။
အာကာသစခန်း တည်ဆောက်နေစဉ်အတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် SpaceX က ရန်ပုံငွေ ကူညီပေးသွားမည်ဟုလည်း သူမက ပြောကြားခဲ့သည်။
Ref: Independent
