သက်တံ့
၂၆. ၈. ၂၀၂၆
အမေရိကန် အကူအညီများအပေါ် မှီခိုအားထားလာနိုင်သည်ဟု ယူဆရသူများ၏ လျှောက်ထားမှုကို ကန့်သတ်ရန်နှင့် စည်းကမ်းများ တင်းကြပ်ရန် နိုင်ငံခြားရေးဌာနက လုပ်ဆောင်နေချိန်တွင် ထရမ့်ပ်အစိုးရအဖွဲ့သည် အမေရိကန် ရွှေ့ပြောင်းအခြေချ ဗီဇာလျှောက်ထားမှု အားလုံးကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်။
တာဝန်ရှိသူ၏ အဆိုအရ အေဂျင်စီသည် အဆိုပါ အစီအစဉ်ကို ဩဂုတ်လဆန်းပိုင်းတွင် သံရုံးများနှင့် ကောင်စစ်ဝန်ရုံး အားလုံး၌ စတင်ခဲ့ပြီး “အသေးစိတ် လေ့ကျင့်သင်တန်းများ” ပေးနိုင်ရန်အတွက် ဗီဇာရက်ချိန်းများကို ပြင်ဆင်ညှိနှိုင်းခဲ့ရကြောင်း သိရသည်။ “ကောင်စစ်ဝန်အရာရှိ အားလုံးအနေဖြင့် ဗီဇာလျှောက်ထားသူတိုင်းကို ဘက်စုံနှင့် စံချိန်စံညွှန်း ကိုက်ညီစွာ ဆန်းစစ်သုံးသပ်နိုင်ရေး အပြည့်အဝ ပြင်ဆင်ထားနိုင်ရန်” အတွက် နိုင်ငံခြားရေးဌာနသည် ယခုနှစ်ဆန်းပိုင်းကတည်းက မွမ်းမံပြင်ဆင်ထားသော လမ်းညွှန်ချက်များနှင့် သင်တန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။
Financial Times သတင်းစာ၏ ဖော်ပြချက်အရ အင်တာဗျူး ရက်ချိန်းရရှိပြီးသား လျှောက်ထားသူများသည် ၎င်းတို့၏ ရက်ချိန်းများ ပယ်ဖျက်လိုက်ကြောင်းနှင့် ရက်ချိန်းနေ့ရက် အသစ်ကို ထပ်မံအကြောင်းကြားမည် ဖြစ်ကြောင်း အီးမေးလ်များ လက်ခံရရှိခဲ့ကြသည်။
အေဂျင်စီ တာဝန်ရှိသူများကမူ ယခုလုပ်ဆောင်ချက်သည် ဗီဇာလျှောက်ထားသူများအနေဖြင့် အမေရိကန်၏ အများပြည်သူဆိုင်ရာ အကျိုးခံစားခွင့်များကို ရယူမှီခိုခြင်းမရှိစေရန် သေချာစေမည်ဟု ဆိုသည်။ သို့သော် ယင်းသည် တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု နှစ်ခုလုံးကို နှိမ်နင်းရန်နှင့် စနစ်အတွင်းသို့ မည်သူဝင်ရောက်ခွင့်ရမည်ကို ပိုမိုစိစစ်ရွေးချယ်ရန် ထရမ့်အစိုးရအဖွဲ့က အသုံးပြုထားသည့် နည်းဗျူဟာများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ယခုသီတင်းပတ်အတွင်း ထရမ့်ပ်အစိုးရအဖွဲ့သည် ခရီးသွား သို့မဟုတ် စီးပွားရေးဗီဇာဖြင့် နိုင်ငံအတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည့် ခိုလှုံခွင့်တောင်းခံသူများ၏ ဗီဇာများကို ရုပ်သိမ်းရန် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။ ယင်းကြောင့် လက်ရှိ ခိုလှုံခွင့်တောင်းခံနေသူ လူ ၂၀၀,၀၀၀ အထိ ထိခိုက်နိုင်ပြီး အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် ဗီဇာရုပ်သိမ်းမှု ဖြစ်လာမည်ဖြစ်သည်။ အဆိုပါ အရေးယူဆောင်ရွက်မှုကို ပြည်တွင်းလုံခြုံရေးဌာန (DHS) နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။
အေပီသတင်းဌာန (Associated Press) ၏ ဖော်ပြချက်အရ ထရမ့်ပ်လက်ထက်တွင် ဗီဇာလျှောက်ထားသူများသည် ၎င်းတို့၏ ဆိုရှယ်မီဒီယာ ရာဇဝင်များကို စိစစ်ခံရခြင်းနှင့် လျှောက်ထားခများ ပိုမိုပေးဆောင်ရခြင်း အပါအဝင် ကန့်သတ်ချက်အသစ်များနှင့် ရင်ဆိုင်နေရသည်။
ဗီဇာအသစ်များကို ခေတ္တရပ်ဆိုင်းခြင်းနှင့် သင်တန်းအစီအစဉ်များ လုပ်ဆောင်ခြင်းသည် ထရမ့်ပ်က “အများပြည်သူ ဝန်ထုပ်ဝန်ပိုး” (Public charge) အကြောင်းပြချက်ဖြင့် လျှောက်ထားမှုများကို ပိတ်ပင်ရန် ကြိုးပမ်းမှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ပိတ်ပင်မှုတွင် အစိုးရအဖွဲ့က ရွေးချယ်ထားသော နိုင်ငံ ၇၅ နိုင်ငံမှ လျှောက်ထားမှုများ ပါဝင်ခဲ့သော်လည်း ဖက်ဒရယ်တရားသူကြီးတစ်ဦးက မကြာသေးမီက ပယ်ဖျက်ခဲ့သည်။
National Immigration Law Center မှ အကြီးတန်းရှေ့နေ Joanna Cuevas Ingram က “လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ခွဲခြားဆက်ဆံဖို့အတွက် အကြောင်းပြချက်အဖြစ် အသုံးပြုလို့မရဘူးဆိုတာ တရားရုံးက ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ လူတိုင်းနဲ့ မိသားစုတိုင်း သင့်တော်တဲ့ ကုစားမှုရရှိဖို့ ရည်မှန်းထားပြီး ဒီအစိုးရအဖွဲ့အနေနဲ့ ဥပဒေအရ တာဝန်ဝတ္တရားတွေကို လိုက်နာအောင် ဆက်လက်တောင်းဆိုသွားမှာပါ” ဟု လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလအတွင်း ဖက်ဒရယ်တရားသူကြီးတစ်ဦးသည် အမေရိကန် ဒုက္ခသည်စနစ် တစ်ခုလုံးကို ရပ်ဆိုင်းရန် သမ္မတ၏ ကြိုးပမ်းမှုကို ပယ်ဖျက်ခဲ့သည်။ ထရမ့်ပ်လက်ထက်တွင် ဖက်ဒရယ်အေးဂျင့်များသည် ခိုလှုံခွင့်တောင်းခံသူများကို အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခွင့်ရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ခိုလှုံခွင့်ဥပဒေများကို ထိခိုက်စေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး ဥပဒေကျွမ်းကျင်သူများ၏ အဆိုအရ ဝင်ရောက်ခွင့်ကို ကန့်သတ်ရန် နောက်ဆုံးကြိုးပမ်းမှုသည် စိန်ခေါ်မှုများပြားလှသော လုပ်ငန်းစဉ်ကို တရားဝင်လိုက်နာဆောင်ရွက်နေသူများ အတွက် ချက်ချင်းဆိုသလို အတားအဆီးများ ဖြစ်ပေါ်စေမည်ဖြစ်သည်။
ယခု ရပ်ဆိုင်းမှုကြောင့် ထိခိုက်ခဲ့ရသည့် လျှောက်ထားသူ အများအပြားသည် “သတ်မှတ်ထားသည့် အင်တာဗျူးများ တက်ရောက်ရန်အတွက် ဒေါ်လာထောင်ပေါင်းများစွာ သုံးစွဲခဲ့ကြပြီး ၎င်းတို့၏ လူနေမှုဘဝများကို ရပ်တန့်ခဲ့ကြရသော်လည်း နောက်ဆုံးမိနစ်ကျမှ ရက်ချိန်းများ ပယ်ဖျက်ခံခဲ့ရခြင်းဖြစ်သည်” ဟု ဝါရှင်တန်ရှိ Fragomen လူဝင်မှုကြီးကြပ်ရေး ဥပဒေလုပ်ငန်းမှ ရှေ့နေ Brian Simmons က FT သို့ ပြောကြားခဲ့သည်။
အဆိုပါ ရက်ချိန်းများကို မည်သည့်အချိန်တွင် ပြန်လည်သတ်မှတ်ပေးမည်ကို မသိရသေးပေ။
Ref: The Guardian
