၂၆.၈.၂၀၂၆
Written by KL
မန္ဆလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှ သံဃာအပါး ၉၀ ကျော်မှာ အရုဏ်ဆွမ်းဘုန်းပေးပြီး အစာအဆိပ်သင့်မှု ယနေ့ သြဂုတ်လ ၂၆ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
စာသင်တိုက်တွင် သံဃာတော်များက လက်ဖက်ထမင်း၊ ငါးဖယ်သုတ်၊ ကြက်သားဟင်းရည်နှင့် ငရုတ်သီးကြော်ဖြင့် အရုဏ်ဆွမ်း ဘုန်းပေးပြီးနောက် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ဖြစ်ပေါ်ပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






လူမှုရေးအသင်းအဖွဲ့များက အစာအဆိပ်သင့်မှုဖြစ်ပွားသော သံဃာတော်များအနက် သံဃာအပါး ၃၀ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ သံဃာ ၄၆ ပါးကို ကျောက်မီးတိုက်နယ်ပြည်သူ့ဆေးရုံတွင် လည်းကောင်း ဆေးကုသမှုခံယူရန် ပို့ဆောင်ကူညီပေးခဲ့ပြီး စာသင်တိုက်တွင် သံဃာအပါး၂၀ ကိုလည်း ဆေးဝါးကုသရန်နှင့် ကျန်းမာရေးဆိုင်ရာ ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“သံဃာတော်တွေ ကိုရင်တွေ တော်တော်များများလည်း သက်သာနေပါပြီ၊ စိုးရိမ်စရာမရှိတော့ပါဘူး”ဟု စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သောနေရာသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
