နေမိုး
၂၆. ၈. ၂၀၂၆
အမြန်လမ်းတွင် သာသနာ့ယာဥ်တစ်စီး အရှိန်လွန်ကာ တံတားအဝင် ကွန်ကရစ်နံရံဝင်တိုက်မိရာမှ လိုက်ပါလာသူ လေးဦး ပွဲချင်းပြီး သေဆုံးပြီး သုံးဦး ဒဏ်ရာရမှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ယနေ့ ဩဂုတ် ၂၆ ရက် နေ့လယ် ၂ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၇/၅-၂၆၇/၆အကြား၊ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ အသွားလမ်း ရခိုင်တပ်တံတား မရောက်မီတွင် ယာဉ်မောင်းအပါအဝင် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၅) ဦးစုစုပေါင်း (၇)ဦး လိုက်ပါလာသည့် RLG နံပါတ် Nissan X-Trail ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားအဝင်တွင် ကာရံထားသော ကွန်ကရစ်နံရံအား တိုက်မိပြီး လမ်းလယ်ကျွန်းတွင် တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်း အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၄)ဦးမှာအခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးမှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်ဟု သိရသည်။
အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများမှာ တစ်နာရီ မိုင် ၉၀၊ လူစီးယာဥ်ငယ်များမှာ တစ်နာရီ မိုင် ၁၀၀၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များမှာ တစ်နာရီ မိုင် ၆၀ နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

