သက်တံ့
၂၆. ၈. ၂၀၂၆
ဟေတီနိုင်ငံ မြို့တော်အနီးရှိ တစ်ချိန်က အေးချမ်းသည်ဟု ယူဆထားသော လူမှုအသိုင်းအဝိုင်းကို ယခုသီတင်းပတ်အတွင်း ရာဇဝတ်ဂိုဏ်းများမှလက်နက်ကိုင်များက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ပြန်ပေးဆွဲခံခဲ့ရကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပို့အိုပရင့်စ် (Port-au-Prince) မြို့တော်ရှိ ကန်စကော့ဖ် (Kenscoff) တောင်ကုန်းများပေါ်တွင် မှီတင်းနေထိုင်ကြသော လူမှုအသိုင်းအဝိုင်းများကို အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုက္ခရောက်နေသော ကာရစ်ဘီယံကျွန်းနိုင်ငံ၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာနေပြီဟူသော ယူဆချက်ကိုလည်း ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။
ယခုဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ဟေတီနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြီးမားဆုံး အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုများထဲမှ တစ်ခုဟု ယူဆရပြီး ပို့အိုပရင့်စ်မြို့တော်အထက် တောင်ကုန်းများပေါ်တွင် တည်ရှိသော အဆိုပါ လူမှုအသိုင်းအဝိုင်းကို အာဏာပိုင်များက လုံခြုံရေးယူရန် ကြိုးပမ်းစဉ် ဂိုဏ်းဝင်တစ်ဦးဦးကို သတ်ဖြတ်ပါက ဓားစာခံများကို သတ်ပစ်မည်ဟု ဂိုဏ်းခေါင်းဆောင်တစ်ဦးက ခြိမ်းခြောက်ထားသည်။
ကုလသမဂ္ဂ ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ “ကန်စကော့ဖ် တောင်ကုန်းများပေါ်ရှိ စိုက်ပျိုးရေး လုပ်ကိုင်သည့် လူမှုအသိုင်းအဝိုင်းအတွင်းသို့ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် လက်နက်ကိုင်များ ဆင်းလာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံများကို တိုက်ခိုက်ခဲ့ခြင်းဖြင့် လူသတ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်” ဟု သိရသည်။
နယ်စပ်ဖြတ်ကျော် ဒုစရိုက်ကိုင်တွယ်တိုက်ဖျက်ရေး ကမ္ဘာ့အဖွဲ့အစည်း (Global Initiative Against Transnational Organised Crime) ၏ ဟေတီလေ့လာရေးစခန်း အကြီးအကဲ Romain Le Cour က “ဒါဟာ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာ စစ်ဆင်ရေးအဖွဲ့တွေအတွက် အဓိက နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု စမ်းသပ်ချက်တစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် ဟေတီ ဒုစရိုက်ဂိုဏ်းများက ရပ်ကွက်အများအပြားကို ထိန်းချုပ်လိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗစ်အန်ဆန်း (Viv Ansanm) ဟုခေါ်သော အဆိုပါ ဂိုဏ်းတစ်ခုမှာ ပို့အိုပရင့်စ်မြို့တော်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်ဟု ခန့်မှန်းရသည့် အားကောင်းသော ပူးပေါင်းအဖွဲ့တစ်ခု ဖြစ်သည်။ အမေရိကန်အစိုးရက ယင်းအဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
လွန်ခဲ့သည့်နှစ်တွင် မငြိမ်မသက်မှုများ စတင်ခဲ့ပြီးနောက် ယခုနှစ်အတွင်း ဟေတီတစ်ဝန်း၌ လူ ၂,၃၀၀ သေဆုံးခဲ့ရပြီး အခြားသော လူ ၁၀၀ ခန့် ပြန်ပေးဆွဲခံခဲ့ရကာ ၁ ဒသမ ၅ သန်းမှာ နေရပ်စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားခဲ့သည်။ ပြန်ပေးဆွဲခံရသူများထဲတွင် မြို့တော်၏ လုံခြုံစိတ်ချရသော ဧရိယာတစ်ခု၌ လွန်ခဲ့သည့်သီတင်းပတ်က ပြန်ပေးဆွဲခံခဲ့ရသည့် ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ရုံးညွှန်ကြားရေးမှူး ဂျိမ်းစ်ဘိုယတ် (James Boyard) လည်း ပါဝင်သည်။
ပို့အိုပရင့်စ်မြို့တော်တစ်ဝန်းတွင် ဒုစရိုက်ဂိုဏ်းများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာရသူ လူ ၃၀၀,၀၀၀ ထက်မနည်း ရှိနေသည်။ လွန်ခဲ့သည့်နှစ်မှစ၍ “အားကောင်းသော ဒုစရိုက်ဂိုဏ်းများသည် ယခုအခါ နိုင်ငံအတွင်းရှိ ကျယ်ပြန့်သော နယ်မြေများနှင့် အခြေခံအဆောက်အအုံများကို ထိန်းချုပ်ထားသည်” ဟုလည်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
“တစ်ချိန်က အခြားနိုင်ငံများရှိ ဂိုဏ်းများကဲ့သို့ပင် ဟေတီရှိ ဂိုဏ်းများသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီး ရံဖန်ရံခါ အကြမ်းဖက်မှုများ ကျူးလွန်သည့် သာမန် ရပ်ကွက်စောင့်အဖွဲ့များအဖြစ်သာ လှုပ်ရှားခဲ့ကြသည်” ဟု ကုလသမဂ္ဂ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
“သို့သော် ယခုအခါတွင်မူ ဂိုဏ်းများသည် ပိုမိုကြီးမားသော ဒုစရိုက်မဟာမိတ်အဖွဲ့များကို ဖွဲ့စည်းလိုက်ကြပြီး ဟေတီ၏ မြို့တော် ပို့အိုပရင့်စ်၏ ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့် အပါအဝင် အာတီဘိုနိုက် (Artibonite) နှင့် အလယ်ပိုင်းစင်ထရယ် (Central) ပြည်နယ်များရှိ အဓိကဒေသများကို ထိန်းချုပ်ထားကြသည်” ဟုလည်း ထပ်လောင်းဖော်ပြထားသည်။
Ref: Express.UK
