MT News
၂၇. ၈. ၂၀၂၆
အမျိုးသမီးငယ်များအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်း စားခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရေပုတ်ကျေးရွာနေ အမျိုးသမီး တစ်ဦးကို တစ်ရွာတည်းနေ မျိုးမင်းဟိန်း(ခ) မျိုးကျော်(ခ)ဟိန်းကိုနှင့် ဇနီးဖြစ်သူ မေသင်္ကြန်မိုး(ခ) သင်္ကြန်တို့က တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားဆောင်ရွက်ပါက ၁ နှစ်လျှင် ငွေကျပ်သိန်း ၇၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံပေးမည်၊ လမ်းခရီးတွင် ဆက်သွယ်ရန်ဖုန်းဝယ်ပေးမည်ဟု လိမ်လည်ပြောဆိုစည်းရုံးပြီး မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသဖြင့် မြစ်ငယ်နယ်မြေရဲစခန်း(ပ)၇၁/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၂၁ ရက်တွင် အမရပူရခရိုင်တရားရုံးက ဖမ်းမိတရားခံ မျိုးမင်းဟိန်း(ခ)မျိုးကျော်(ခ)ဟိန်းကိုနှင့် မေသင်္ကြန်မိုး (ခ)သင်္ကြန်တို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နေ အမျိုးသမီးနှစ်ဦးကို တစ်မြို့တည်းနေ ဒေါ်ခင်ခင်အေးက တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ငွေကျပ်သိန်း ၇၀ ရရှိမည်၊ ၁ နှစ်ပေါင်းသင်းရမည်၊ ကလေးမွေးပေးရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံနေ မစံအေးနုနှင့်ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်လာစဉ် စစ်တွေ လေဆိပ်၌ ဖမ်းဆီးရရှိခဲ့သဖြင့် စစ်တွေမြို့မရဲစခန်း (ပ)၁၂၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဩဂုတ် ၂၂ ရက်တွင် စစ်တွေခရိုင်တရားရုံးက ဖမ်းမိတရားခံ ဒေါ်ခင်ခင်အေးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မစံအေးနုကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
