၂၇.၈.၂၀၂၆
Written by Linn Eain
လှည်းကူးမြို့နယ်တွင် မိုးလုံလေလုံဘတ်စ်ကားမှတ်တိုင်များဆောက်လုပ်ရန် ဘက်ဂျက်ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး YBS ယာယီရပ်နားကွင်းအတွက်လည်း လုံလောက်သောမြေလွတ်၊မြေလပ်များရှိပါက အသုံးပြုခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းအညီ လျှောက်ထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဩဂုတ်၂၇ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လှည်းကူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထွန်း၏ “လှည်းကူးမြို့နယ် အတွင်း လိုအပ်သောနေရာများတွင် မိုးလုံလေလုံဘတ်(စ်)ကား မှတ်တိုင်များစီစဉ်ဆောင်ရွက်ပေးရေး၊ ယာဉ်လိုင်းများတွင် ယာဉ်အစီးရေတိုးပေးရန်နှင့် ယာဉ်ရပ်နားဝင်း တည်ဆောက်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း” ကို လုံ/နယ်ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က “လှည်းကူးမြိုနယ်အတွင်း မိုးလုံလေလုံ ဘတ်စ်ကားမှတ်တိုင် ဆောက်လုပ်ပေးရန် လိုအပ်သည့် နေရာစာရင်းများရရှိပါက YRTC အပါအဝင် လှည်းကူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိချက်များပေါ် လိုအပ်သောနေရာများတွင် ဘတ်စ်ကားမှတ်တိုင်နှင့် ခရီးသည်နားနေဆောင်များ ဆောက်လုပ်ရန်လည်း ဘတ်ဂျက်ရရှိမှုပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
အဆိုပါ ဘတ်စ်ကားမှတ်တိုင်ဆောက်လုပ်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်သော်လည်း မှတ်တိုင်တွင်ခရီးသည်နားနေဆောင် Bus Stand ဆောက်လုပ်မှုကို ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိချက်များအရ ခွင့်ပြုချက်ရယူပြီး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် YBS ယာယီရပ်နားဝင်း မရှိသည့်အတွက် အဆင်ပြေသည့်သင့်တော်သောနေရာများတွင် စနစ်တကျ ရပ်တန့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် YBS ယာယီနားဝင်းများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များတွင် လုံလောက်သော မြေလွတ်၊ မြေလပ်များ၊ ပလပ်မြေများရှိပါက အသုံးပြုခွင့်ရရှိရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လျှောက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
လှည်းကူးမြို့နယ်တွင် YBS (1) ယာဉ်လိုင်းက ဘတ်စ်ကား ၂၉ စီး၊ YBS (46) ယာဉ်လိုင်းက ဘတ်စ်ကား ၃ စီး၊ YBS (44) ယာဉ်လိုင်းက ဘတ်စ်ကား ၁၈ စီး၊ YBS (107) ယာဉ်လိုင်းက ဘတ်စ်ကား ၄၅ စီး၊ YBS (45) ယာဉ်လိုင်းက ဘတ်စ်ကား ၂၅ စီးဖြင့် ပြေးဆွဲလျက်ရှ်ိကြောင်း သိရသည်။
