သက်တံ့
၂၇. ၈. ၂၀၂၆
အမေရိကန် သံတမန်ဖြစ်သူ ခင်ပွန်းဟောင်းကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ထိုင်းအမျိုးသမီးတစ်ဦးအား မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ကြောင်း၊ သို့သော် သူမအနေဖြင့် လူသတ်မှုဖြင့် တရားစွဲဆိုခံရနိုင်ခြေ ရှိနေသေးကြောင်း အဆိုပါအမှုကို သိရှိသူ ရှေ့နေတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် တရားရုံးက ပါဝိနီ သုပ သီရိဝိဆန် (Pavinee Supasirivisan) အား မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများအတွက် ကျင့်သုံးသည့် ဥပဒေပုဒ်မအရ အင်္ဂါနေ့တွင် ပြစ်ဒဏ် စီရင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြစ်မှုသည် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ကျခံရနိုင်သော ပြစ်ဒဏ်ဖြစ်သည်။ သူမအား လူသတ်မှုဖြင့် တရားဝင် တရားစွဲဆိုထားခြင်း ရှိမရှိ သို့မဟုတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဖြစ်စဉ်အပေါ် အမည်မဖော်လိုသူ ရှေ့နေတစ်ဦး၏ အဆိုအရ ပါဝိနီကို အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ဖြေကြားခဲ့ခြင်းမရှိပေ။ ၎င်းကလည်း သတင်းမီဒီယာများသို့ ဖြေကြားရန် လုပ်ပိုင်ခွင့်မရှိဟုဆိုကာ အမည်မဖော်လိုကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သို့မဟုတ် မြန်မာတာဝန်ရှိသူများဘက်က သေဆုံးသူ၏ အမည်ကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ သို့သော် New York Post နှင့် အခြားသော အနောက်နိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသူမှာ အမေရိကန် နိုင်ငံခြားရေးဌာန၏ ဒေသဆိုင်ရာ လက်ထောက်လုံခြုံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၄၃ နှစ်အရွယ် ဒန်နီယယ် ပေါလ် ရီဗာ (Daniel Paul Riva) ဖြစ်သည်ဟု သိရသည်။ သေဆုံးသူ၏ အမည်ဖြင့် လိုင်းပေါ်တွင် တင်ထားသော နာရေးကြော်ငြာ၌ သေဆုံးသည့် ရက်စွဲမှာ တူညီနေပြီး အမေရိကန် သံတမန်ရေးရာ အဖွဲ့များတွင် ၎င်းတာဝန်ထမ်းဆောင်ခဲ့မှုများကို ဖော်ပြထားသည်။ အမေရိကန် နိုင်ငံခြားရေးဌာနကမူ ၎င်းတို့၏ အစိုးရဝန်ထမ်းတစ်ဦး သေဆုံးသွားကြောင်း အတည်ပြုခဲ့သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် သေဆုံးသူ၏ အမည်အပါအဝင် အခြားအသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

အမေရိကန်သံရုံးနှင့် ၁ ဒဿမ ၅ ကီလိုမီတာခန့် ကွာဝေးပြီး သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာ ဧည့်သည်များ တည်းခိုလေ့ရှိသည့် ဆာကူရာဟိုတယ် (Sakura Residence & Hotel) တွင် အဆိုပါ သံတမန်မှာ ဦးခေါင်းနှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ပါဝိနီကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြို့နယ်ရဲစခန်းတွင် ရဲတပ်ဖွဲ့က ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည့် သက်ဆိုင်ရာ လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ရှေ့နေက ပြောကြားခဲ့သည်။
Ref: India Today
