၂၇.၈.၂၀၂၆
Translated by Htwe Ko Tun
အာဖရိကတိုက်မြောက်ပိုင်းတစ်ဝန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် အာဏာပိုင်များသည် တောမီးလောင်ကျွမ်းမှု ၁၅၀ ကျော် ငြှိမ်းသတ်နေကြရရာတွင် အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုကြောင့် သြဂုတ်လ ၂၆ ရက်က လူ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူ ၅၄ ဦးရှိသည့်အနက် ခြောက်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။
မြို့တော်အယ်လ်ဂျီးယားစ်မှ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) ခန့်အကွာရှိ ကမ်းရိုးတန်း ဘီဂျာလာပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူနှစ်ဦးနှင့် အတိအကျမသိသော ဒဏ်ရာရသူများရှိသည်ဟု ဒေသခံမီဒီယာများ၏ အစောပိုင်းသတင်းများက ဖော်ပြခဲ့ရာမှ သေဆုံးသူအရေအတွက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

တောမီးလောင်ကျွမ်းမှုကြောင့် ဂျီဂျယ်ပြည်နယ်တွင် လူငါးဦး၊ ဘီဂျေယာ ပြည်နယ်တွင် လေးဦးနှင့် တီဇီကူဇို (Tizi Ouzou) ပြည်နယ်တွင် သုံးဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဆက်ဆာယွတ်က အမျိုးသားရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။
ဘီဂျာယာရှိ ဆေးရုံတစ်ရုံတွင် ပြင်းထန်သော လူနာခြောက်ဦးအပါအဝင် မီးလောင်ဒဏ်ရာများရရှိသူ လူ ၅၄ ဦးကို ကုသပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘီဂျာယာတွင် သေဆုံးသူသုံးဦးရှိသည့်အနက် အသက်ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးနှင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ပါဝင်ကြောင်း ဒေသခံရေဒီယိုလိုင်းတစ်ခုက ဖော်ပြခဲ့သည်။
ပြည်ထဲရေးဝန်ကြီး ဆက် ဆာယွတ်နှင့် ကျန်းမာရေးဝန်ကြီး မိုဟာမက် ဆက်ဒစ် အေ့ မတ်ဆိုဒင် တို့သည် မြေပြင်တွင် မီးသတ်လုပ်ငန်းများ၏ တိုးတက်မှုနှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကို အကဲဖြတ်ရန် ဘီဂျာယာသို့ သွားရောက်ခဲ့ကြသည်ဟု တရားဝင် APS သတင်းဌာနက ဖော်ပြခဲ့သည်။
ဘီဂျာယာနှင့် ဂျီဂျယ်ရှိ ဒေသခံများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီနှင့် ဒေသခံမီဒီယာများက ပြောကြားခဲ့သည်။
သြဂုတ်လ ၂၆ ရက် ည ၈ နာရီ (၁၉၀၀ GMT) အထိ မီးသတ်သမားများသည် မီးလောင်ကျွမ်းမှု ၆၉ ခုကို ငြှိမ်းသတ်နေခဲ့ကြောင်းနှင့် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ဘီဂျာယာဒေသခံဝက်ဘ်ဆိုက် Jijel News မှ ထုတ်လွှင့်သော ပုံများတွင် မီးခိုးထူထပ်စွာ ထွက်ပေါ်နေချိန်တွင် ထိတ်လန့်တုန်လှုပ်နေသော ဒေသခံများက စာတိုက်တစ်ခုတွင် ခိုလှုံနေကြသည်ကို ပြသထားသည်။
နိုင်ငံအရှေ့ပိုင်းရှိ ဒေသများကို ဆက်သွယ်ထားသော အဓိက အမျိုးသားအဝေးပြေးလမ်းမကြီး သုံးခုကို ဘီဂျာယာ၊ ဂျီဂျယ်နှင့် ဆီတစ်ဖ် မြို့များအနီးရှိ တောမီးများကြောင့် ပိတ်ထားရကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
နွေရာသီတွင် အယ်လ်ဂျီးရီးယားမြောက်ပိုင်း၌ တောမီးများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုက မိုးခေါင်မှုနှင့် အပူလွန်ကဲမှုတို့ မကြာခဏဖြစ်စေသည်အထိ သက်ရောက်မှုရှိကာ ရာသီဥတုကို ပိုမိုဆိုးရွားစေသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း ဘီဂျာယာ အနီးတစ်ဝိုက်ရှိ အိမ်ခြေရာပေါင်းများစွာအပြင် သစ်တောများနှင့် လယ်ယာမြေ ဟက်တာထောင်ပေါင်းများစွာကို မီးလောင်ကျွမ်းခဲ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ရသည်။
ယခုနှစ် ဇူလိုင်လတွင် တစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှု ၂,၀၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက မှတ်တမ်းတင်ခဲ့သည်။
Ref: France 24
