သက်တံ့
၂၇. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ကန်ပူးရ်မြို့ (Kanpur) ရှိ ဂင်္ဂါရေထိန်းတံတား (Ganga Barrage) အနီး နတ်သူပူရဝါ (Natthupurwa) ကျေးရွာရှိ လယ်ကွင်းတစ်ခုအတွင်းသို့ အင်ဂျင်နှစ်လုံးတပ်ဆင်ထားသော ပုဂ္ဂလိက လေ့ကျင့်ရေးလေယာဉ်တစ်စင်း ယနေ့ ဩဂုတ်လ ၂၇ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးပြီး အခြားတစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် သင်တန်းသားတစ်ဦးနှင့် နည်းပြတစ်ဦးတို့ ပါဝင်ခဲ့ပြီး ပျက်ကျမှုကြောင့် လေယာဉ်မှူးမှာ အခင်းဖြစ်နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ တွဲဖက်လေယာဉ်မှူးဖြစ်သူမှာမူ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ကာ ကယ်ဆယ်မှုလုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ လေယာဉ်သည် ကန်ပူးရ် သို့မဟုတ် ရေးဘာရီလီ (Rae Bareli) မြို့ရှိ သင်တန်းကျောင်းနှစ်ခုအနက် မည်သည့်နေရာမှ ထွက်ခွာလာသည်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။
လေယာဉ် ပျက်ကျရသည့် အကြောင်းအရင်းနှင့် လေယာဉ်ပိုင်ဆိုင်သည့် အဖွဲ့အစည်းဆိုင်ရာ အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးဘဲ သက်ဆိုင်ရာက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
Ref: Indian Express, TOI & News 18
