၂၇.၈.၂၀၂၆
Written By Min Thet
အကြမ်းဖက် AA သူပုန်လက်အောက်ခံ MDF လေ့ကျင့်ရေးစခန်းကို တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့၍ လူပေါင်း ၂ ဒါ ဇင်ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရသည်။


အဆိုပါ စခန်းမှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရှင်းလက်ချောင်းဖျား၊ ရွှေလိုက်ဝကျေးရွာအနီးတွင် တည်ရှိပြီး ဒေသခံများ သတင်းပေးပို့ ချက်အရ တပ်မတော်က ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီခန့် အချိန် ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချ ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှင်းလင်းခံရသည့် စခန်းမှာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ၏ စခန်းဖြစ်ပြီး NUG နှင့် AA အကြမ်းဖက် သူပုန်လက်အောက်ခံ စခန်းတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ သုတ်သင်ရှင်းလင်းခံရသည့် စခန်းတွင် သေဆုံးသူ လူပေါင်း ၂၅ ဦး ကျော်ရှိပြီး ဒဏ်ရာရသူ ၃၀ ထက်မနည်း ရှိကြောင်း တပ်မတော် သတင်းရင်းမြစ်များက သိရသည်။

သို့သော် MDF နှင့် နီးစပ်သည့် သတင်းများတွင်မူ ဖြစ်စဉ်ကြောင့် သေဆုံးသူမှာ ၅ ဦး ရှိကာ ဒဏ်ရာရသူအရေအတွက် ကို မဖော်ပြထားဘဲ အများအပြားရှိကြကြောင်းသာ ဖော်ပြကြသည်။
တပ်မတော်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က လည်း ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းမှ ရှင်းလင်းနိုင်ခဲ့သေးကြောင်း သိရသည်။



