၂၇.၈.၂၀၂၆
Written by Linn Eain
အသေးစား၊ အလတ်စားပြုပြင်ရန် လိုအပ်သည့် YBS ယာဉ်များကို စီမံချက်ချ၍ မြန်ဆန်စွာပြန်လည်ပြုပြင်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် ဘတ်စ်ကားသစ်များ ဝယ်ယူဖြည့်ဆည်းရန် အစီအစဉ်မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ဩဂုတ် ၂၇ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ဒသမနေ့၌ ဖြေကြားခဲ့သည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးမင်းသိန်းထွန်း၏ “ရန်ကုန်မြို့တော်တွင် နေ့စဉ် ခရီးသွားပြည်သူများ လုံခြုံချောမွေ့ အဆင်ပြေစွာသွားလာနိုင်ရေး ဘတ်စ်ကားယာဉ်သစ်များ ဝယ်ယူဖြည့်ဆည်းရန် အစီအစဉ် ရှိ/မရှိ၊ လိုအပ်လျက်ရှိသော ယာဉ်အပိုပစ္စည်းများ မြန်ဆန်စွာ တင်သွင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းကို လုံ/နယ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “လက်ရှိ ပြေးဆွဲလျက်ရှိသည့် CNG, ဒီဇယ်သုံး ခရီးသည်တင်မော်တော်ယာဉ်များနှင့် အသေးစား၊ အလတ်စားပြုပြင်ရန်လိုအပ်သော ယာဉ်များကို စီမံချက်ရေးဆွဲချမှတ်ကာ မြန်ဆန်စွာပြန်လည်ပြုပြင်နိုင်ရေးအတွက် တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လတ်တလောအနေဖြင့် ဘတ်စ်ကားသစ်များ ဝယ်ယူဖြည့်ဆည်းရန် အစီအစဉ် မရှိသေးပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ YRTC ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုသည် ထုတ်ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် ရရှိထားသောကုမ္ပဏီများမဟုတ်ဘဲ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်သာရရှိထားသည့် ကုမ္ပဏီများဖြစ်သဖြင့် လိုအပ်လျက်ရှိသည့် ယာဉ်အပိုပစ္စည်းများကို တင်သွင်းခွင့်မရှိသဖြင့် ယာဉ်အပိုပစ္စည်းများ ဝယ်ယူတင်သွင်းရန် အစီအစဉ်မရှိကြောင်း လုံ/နယ်ဝန်ကြီးက ဖြေကြားခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ကြီးကြပ်မှုအောက်မှာ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုဟာ ရန်ကုန်မြို့အတွင်း YBS ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား အဓိက လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများ ဖြစ်ကြပြီး အဆိုပါ YBS အများပိုင်ကုမ္ပဏီများဟာ ထုတ်ကုန်သွင်းကုန် လုပ်ငန်းလိုင်စင် ရရှိထားသော ကုမ္ပဏီများမဟုတ်ဘဲ ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်သာရရှိထားသည့် ကုမ္ပဏီများဖြစ်ပါတယ်။ ဒါကြောင့် ယင်းကုမ္ပဏီများဟာ လိုအပ်လျက်ရှိသည့် ယာဉ်အပိုပစ္စည်းများကို တင်သွင်းခွင့် မရှိသဖြင့် ယာဉ်အပိုပစ္စည်းများ ဝယ်ယူတင်သွင်းရန် အစီအစဉ် မရှိပါကြောင်း” လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်၏ ၂၀၂၆ ခုနှစ် မော်တော်ယာဉ်များတင်သွင်းခြင်း မူဝါဒသတ်မှတ်ချက်အရ CNG၊ ဒီဇယ်သုံး မော်တော်ယာဉ်များကို တင်သွင်းခွင့် မပြုတော့ဘဲ လျှပ်စစ်သုံး EV ယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်သည့်အတွက် လမ်းညွှန်ချက်နှင့်အညီ EV တင်သွင်းသည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနှင့် ၂၀၂၃ ခုနှစ်တွင် ခေါ်ယူဆွေးနွေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် ကိုက်ညီပြီး After Sales Service ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်သည့် တရုတ်နိုင်ငံမှ Yutong ကုမ္ပဏီအားရွေးချယ်ခဲ့ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC အနေဖြင့် အဆိုပါ ကုမ္ပဏီထံမှ ၈ ဒသမ ၁၉ မီတာ EV Bus ယာဉ် ၂ စီးကို ဝယ်ယူ၍ ကြို/ပို့ လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဘတ်စ်ကား EV များဝယ်ယူတင်သွင်းရာတွင် ဈေးနှုန်းအခြေအနေကြောင့် ဝယ်ယူရန်အခက်အခဲရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
“လျှပ်စစ်ဘတ်စ်ကား EV များ ဝယ်ယူတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ၈ ဒသမ ၁၉ မီတာ EV Bus (ထိုင်ခုံ ၂၅ ဦး၊ ရပ်စီး ၁၀ ဦး၊ စုစုပေါင်း ၃၅ ဦးဆံ့) ယာဉ်တစ်စီးကို ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးကမ်းလှမ်းငွေ ကျပ် ၅၈၀၀ သိန်းခန့်ရှိကြောင်း၊ ၁၀ ဒသမ ၅ မီတာ EV Bus (ထိုင်ခုံ ၃၅ ဦး၊ ရပ်စီး ၁၅ ဦး၊ စုစုပေါင်း ၅၀ ဦးဆံ့) ယာဉ်တစ်စီးကို ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးကမ်းလှမ်းငွေ ကျပ် ၆၈၀၀ သိန်းခန့် ရှိပါသဖြင့် YBS အများပိုင်ကုမ္ပဏီများအနေဖြင့် ဝယ်ယူဖြည့်ဆည်းရန်အခက်အခဲရှိပါတယ်” လုံ/နယ်ဝန်ကြီးက ဆက်လက်ဖြေကြားခဲ့သည်။
YRTC ကြီးကြပ်မှုအောက်တွင် YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ YBSယာဉ်လိုင်း ၁၄၅ လိုင်း၊ စာရင်းရှိ ယာဉ်စီးရေ ၅၃၉၉ စီးရှိပြီး YBS ယာဉ်လိုင်း ၁၃၃ လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ် ၃၄၀၀ စီးခန့်ဖြင့် ခရီးသွားပြည်သူ ၁.၈ သန်းခန့်ကို နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ CNG အသုံးပြုယာဉ် ၄၉၉၄ စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၀၅ စီး၊ စုစုပေါင်း YBS ခရီးသည်တင်ယာဉ် ၅၃၉၉ စီး ရှိသော်လည်း အချို့ယာဉ်များမှာ မော်တော်ယာဉ်ထုတ်လုပ်သည့် ခုနှစ်သက်တမ်းကြာမြင့်ခြင်း၊ ယာဉ်အပိုပစ္စည်း ရှားပါး၍ ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူလဲလှယ်ရန် ခက်ခဲခြင်းတို့ကြောင့် အကြီးစားပြုပြင်ရန်ယာဉ် ၅၀၀ စီးခန့်၊ အလတ်စားပြုပြင်ရန်ယာဉ် ၄၀၀ စီးခန့်နှင့် အသေးစားပြုပြင်ရန်ယာဉ် ၇၀၀ စီးခန့်ရှိနေဆဲဖြစ်ကြောင်း၊ ယင်းကြောင့် CNG အသုံးပြုယာဉ် ၃၁၀၀ စီးခန့်နှင့် ဒီဇယ်အသုံးပြုယာဉ် ၃၀၀ စီးခန့်၊ စုစုပေါင်း YBS ခရီးသည်တင်ယာဉ် ၃၄၀၀ စီးခန့်သာ ပြေးဆွဲပေးနိုင်သော အခြေအနေရှိကြောင်း လုံ/နယ်ဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။


