သက်တံ့
၂၇. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချမ်းသာဘူရိခရိုင်ရှိ ဒူးရင်းသီး ရွေးချယ်စိစစ်သည့် ဂိုဒေါင်ပိုင်ရှင်တစ်ဦးသည် အမျိုးသမီးဝန်ထမ်း ၂၀ ထက်မကကို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော်လည်း နစ်နာသူများ၏ ရဲစခန်းတိုင်ကြားချက်များမှာ တိုးတက်မှု မရှိသေးပေ။
ထို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ သာနာခရစ် ချစ်အရီရတ် (Thanakrit Chit-areerat) သည် နစ်နာသူများ၏ ကိုယ်စားလှယ်များထံမှ တိုင်ကြားစာများကို လက်ခံရရှိခဲ့ပြီး ယမန်နေ့ (ဩဂုတ်လ ၂၆ ရက်) က သက်ဆိုင်ရာ ဌာနများထံ သွားရောက်တိုင်ကြားနိုင်ရန် ကိုယ်တိုင်လိုက်ပါ ကူညီပေးခဲ့ရကြောင်း သိရသည်။

Channel 8 ၏ သတင်းဖော်ပြချက်အရ မော် (Mor) ဟုသာ သိရှိရသော ထိုဂိုဒေါင်ပိုင်ရှင်သည် အသက် ၁၅ နှစ်မှ ၂၀ နှစ်ကြား မိန်းကလေးငယ်များကို ကုန်ပစ္စည်းထုပ်ပိုးသည့် ဂိုဒေါင်သို့ အဓိက အလုပ်ခန့်အပ်လေ့ရှိပြီး အမျိုးသမီး ၂၀ ထက်မက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရသည်ဟု နစ်နာသူများ၏ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
နစ်နာသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သူမသည် ထိုဂိုဒေါင်၌ စာရင်းကိုင်အဖြစ် ၄ ရက်မျှ အလုပ်လုပ်ကိုင်ပြီးနောက် ယခုကဲ့သို့ စော်ကားခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ဂိုဒေါင်ပိုင်ရှင်သည် သူမအား အလုပ်သို့ လိုက်ပို့စဉ် ခဏမျှ နားချင်သည်ဟု ဆိုကာ တည်းခိုရိပ်သာ (Resort) တစ်ခုသို့ လမ်းလွှဲမောင်းနှင်သွားခဲ့သည်။
ထို့နောက် အလုပ်ရှင်ဖြစ်သူသည် တဘက်တစ်ထည်တည်း ဝတ်ဆင်ကာ ရေချိုးခန်းထဲမှ ထွက်လာပြီး လိင်ဆက်ဆံရန်အတွက် ဘတ် ၁,၀၀၀ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထို့နောက် သူမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ရန် ထိပါးကိုင်တွယ်သဖြင့် သူမက အော်ဟစ် အကူအညီတောင်းခံခဲ့သည်။ အလုပ်ရှင်က သူမအား အသံတိုးတိုးနေရန်နှင့် ထိုဖြစ်စဉ်ကို လျှို့ဝှက်ထားရန် ပြောခဲ့သည်။ သူမသည် အဓမ္မပြုကျင့်ခံရမည့် ဘေးမှ လွတ်မြောက်အောင် ပြေးထွက်နိုင်ခဲ့သော်လည်း ရဲစခန်းတွင် တိုင်ကြားပါက အလုပ်မှ ထုတ်ပစ်မည်၊ လစာဖြတ်တောက်မည်၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။
ထို့နောက် သူမသည် ဤကိစ္စကို အလုပ်ရှင် မော်၏ ဇနီးထံ သွားရောက်တိုင်ကြားခဲ့သည်။ သို့သော်လည်း အခြားဝန်ထမ်းများ အလုပ်ပြုတ်သွားမည်ကို စိုးရိမ်သည်ဟု အကြောင်းပြကာ မော်၏ဇနီးက တိုင်ကြားမှုကို ဆက်မလုပ်ရန် သူမအား တောင်းဆိုခဲ့သည်။
သတင်းများ၏ ဖော်ပြချက်အရ မော်သည် နစ်နာသူ အမျိုးသမီးတစ်ဦးစီကို အကြောင်းပြချက် အမျိုးမျိုး၊ ပရိယာယ်အမျိုးမျိုးသုံး၍ တည်းခိုရိပ်သာများသို့ ခေါ်ဆောင်သွားလေ့ရှိသည်။ ထို့သို့ ခေါ်ဆောင်သွားရာတွင် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်နှောင့်ယှက်ခံရသူများရှိသလို အများအပြားမှာလည်း အဓမ္မပြုကျင့်ခံခဲ့ရသည်။
ထို့နောက် မော်သည် သူမတို့အား နှုတ်ပိတ်နေရန် ခြိမ်းခြောက်လေ့ရှိပြီး သူ၏ဇနီးဖြစ်သူကလည်း တိုင်ကြားချက်များကို ရုပ်သိမ်းစေရန် ငွေကြေးပေး၍ ညှိနှိုင်းလေ့ရှိသည်။ ထိုဖြစ်စဉ်အပေါ် သက်သေအထောက်အထားများ စုဆောင်း၍ အမှုမှန်ဖော်ထုတ်နိုင်ရန် ဒေသဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် နစ်နာသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုများ ဆောင်ရွက်ပေးမည်ဟု သာနာခရစ်က ပြောကြားခဲ့သည်။
ယခု အဓမ္မပြုကျင့်မှုအကြောင်း သတင်းထုတ်ပြန်ချိန်အထိ ဒူးရင်းသီးဂိုဒေါင်ပိုင်ရှင်နှင့် သူ၏ဇနီးထံမှ ပွင့်လင်းမြင်သာသော ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
Ref: Thaiger

