၂၅.၈.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်းဒေသ၊ ပတ္တာနီပြည်နယ်ရှိ ကုန်မျိုးစုံစတိုးဆိုင်တစ်ဆိုင်ကို ဗုံးခွဲမီးရှို့ခဲ့ပြီး ဩဂုတ်လ ၂၄ ရက်ညက ပစ်ခတ်မှုများဖြစ်ပွားခဲ့အပြီးတွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဌာန (ISOC) ၏ အဆိုအရ ည ၈ နာရီခန့်တွင် မာယိုခရိုင်၊ တမ်ဘွန်လာင၊ ဘန်တာဘေးရွာရှိ 7-Eleven ကုန်မျိုးစုံစတိုးဆိုင်တစ်ဆိုင်ကို ဗုံးခွဲမီးရှို့မှုခံခဲ့ရခြင်းဟုလည်း သိရသည်။

ဒေသခံရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှားရောက်ရှိသွားခဲ့ကြရာ အကြမ်းဖက်တိုက်ခိုက်သူများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဖြစ်ရပ်တွင် 7-Eleven ဆိုင်မှာ မီးရှို့ခံခဲ့ရပြီး သံချပ်ကာလုံခြုံရေးယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့သည်။
ပစ်ခတ်မှုပြီးဆုံးပြီးနောက် ရဲများက အခင်းဖြစ်ပွားရာနေရာတွင် သွေးစွန်းများနှင့် အသုံးပြုပြီး ကျည်ဆန်ခွံများကို တွေ့ရှိခဲ့သည်။ လုံခြုံရေးအရာရှိများက နောက်ပိုင်းတွင် စစ်ဆေးရေးဂိတ်တစ်ခု၌ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ အာဖဒေါနှင့် အဲရစ်ဟုသာ ခွဲခြားသိရှိထားသော ၎င်းတို့နှစ်ဦးကို နောင်ချစ်ခရိုင်ရှိ အမှတ် (၄၂) Ad Hoc Paramilitary Ranger Unit အပျော်တမ်းတပ်ဖွဲ့သို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။
ထိုင်းနိုင်ငံ၊ တောင်ပိုင်းပြည်နယ်များတွင် ဩဂုတ်လ ၂၂ ရက် ညမှစ၍ အချိန်တစ်ချိန်တည်း၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာစတင်ဖြစ်ပွားခဲ့ရာ 7-Eleven ကုန်မျိုးစုံစတိုးဆိုင်များသည် မကြာခဏဆိုသလို ပစ်မှတ်ထားခံခဲ့ရသည်။

ထိုင်းနိုင်ငံ၊ ပြည်တွင်းလုံခြုံမှုစစ်ဆင်ရေးကွပ်ကဲမှုဌာန(ISOC)၏ ဒေသအမှတ် (၄) ရှေ့တန်းစစ်တိုင်း၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အက်ဝါရစ် ချုပ်ချုပိုလ်က ယခုရက်သတ္တပတ်ကုန်အတွင်း နာရာသီဝပ်၊ ပတ္တနီ၊ ဆောင်ခလာနှင့် ယာလာပြည်နယ်များတွင် အကြမ်းဖက်မှု ၇၅ ခု ဖြစ်ပွားခဲ့ကြောင်း ဩဂုတ်လ ၂၄ ရက်က ပြောကြားခဲ့သည်။
တောင်ပိုင်းနယ်စပ်ပြည်နယ်များ အုပ်ချုပ်ရေးဌာန (SBPAC) ၏ အတွင်းရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ချာ့ဒ် အက်ဆွန်ရတ်က တောင်ပိုင်းပြည်နယ်များ၌ ယခုရက်သတ္တပတ်ကုန်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ ၁၇ လုံး၊ ယာဉ် ၄၀ စီး၊ ဓာတ်အားတိုင် ၃၂ တိုင်နှင့် ဆယ်လူလာဖုန်းအင်တင်နာလေးခု ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref-Bangkok Post

