သတိုး
၂၅. ၈. ၂၀၂၆
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟွိုင်ထရွန်း (Le Hoai Trung) သည် ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ရန် စီစဉ်ထားကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထရွန်း၏ အဆိုပါခရီးစဥ်သည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက် စစ်ဖြစ်ပွားခဲ့ချိန်မှစ၍ ဗီယက်နမ် အဆင့်မြင့်အရာရှိတစ်ဦး၏ ပထမဆုံးသော မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ထရွန်းသည် ခရီးစဥ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဟု မျှော်လင့်ရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုခရီးစဉ်သည် ဗီယက်နမ်နှင့် မြန်မာတို့ သံအမတ်သစ်များ အပြန်အလှန် လဲလှယ်အပြီး တစ်လအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဗီယက်နမ်သည် မြန်မာနိုင်ငံကို အာဆီယံ၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆောင်ကြဉ်းရန်အတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံအဖွဲ့၏ ဆက်လက်ထိတွေ့ဆက်ဆံမှုနှင့် ကူညီပံ့ပိုးမှုများအတွက် အဓိက မူဘောင်အဖြစ် သတ်မှတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။
မြန်မာအစိုးရသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုနောက်ပိုင်း အာဆီယံအဖွဲ့ထံမှ သံတမန်ရေးအရ သီးခြားခွဲထုတ်ခြင်း ခံထားရသော်လည်း ထိုင်းနှင့် လာအိုတို့က လွန်ခဲ့သည့် လများအတွင်း ပိုမိုထိတွေ့ဆက်ဆံရန် တွန်းအားပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်သည် ဇူလိုင်လတွင် လာအိုသို့လည်းကောင်း၊ ဩဂုတ်လတွင် ထိုင်းသို့လည်းကောင်း သွားရောက်ခဲ့သည်။
Ref: Reuters
