၂၅.၈.၂၀၂၆
Written by Linn Eain
တပ်မတော်ဆေးတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ခွဲစိတ်စက်ကိရိယာတစ်စုံနှင့် မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးသည့်စက်အပါအဝင် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူစက်ပစ္စည်းများ အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်သို့ ဩဂုတ် ၂၄ ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို တပ်မတော်ဆေးတက္ကသိုလ်ပင်မစာသင်ဆောင် အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူး Colonel Arjun N Singh နှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် သင်ထောက်ကူပစ္စည်းများမှာ ဝမ်းဗိုက်နှင့် အရိုးအဆစ်များအတွင်း အပေါက်ငယ်များဖောက်ကာ ကင်မရာဖြင့်ကြည့်၍ ခွဲစိတ်သော စက်ကိရိယာတစ်စုံ၊ အဆင့်မြင့်သွားတု ပုံဖော်စက်တစ်စုံ၊ မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးသည့် စက်တစ်စုံ၊ ရောဂါဗေဒဓာတ်ခွဲခန်းတွင် အသားစမှန်ပြားများအား ဒီဂျစ်တယ်စနစ်ဖြင့် ကူးယူသောစက်တစ်စုံ၊ ဆေးပညာသင်ကြားရေးဆိုင်ရာ အဆင့်မြင့်အသံနှင့် ကင်မရာစနစ်တစ်စုံ၊ သင်ကြားရေးသုံး မျက်နှာပြင်ကျယ်ကွန်ပျူတာဖန်သားပြင်များနှင့် အရည်အသွေးမြင့် ပရိုဂျက်တာများပါဝင်ကြောင်း သိရသည်။
အခမ်းအနားတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် လှူဒါန်းမှုဆိုင်ရာစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အိန္ဒိယသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် သင်ထောက်ကူပစ္စည်းများသည် ဆေးပညာသင်ကြားရေး၊ သုတေသနနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်းနှင့် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။
