၂၃.၈.၂၀၂၆
Written by Linn Eain
စစ်ကိုင်းမှ သယ်ဆောင်လာသည့် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက်၊ ည ၇ နာရီခွဲတွင်သတင်းအရ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိနေအိမ်၌ မျိုးမြင့်နိုင်(ခ)ကိုမျိုးနှင့် ထွန်းထွန်းနိုင်(ခ)ဗန်လျန်းမွန်နာ(ခ)ဆန်းဒယ်ဘတယ်(ခ)ဗဒင်တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများကို စစ်ကိုင်းမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ရွာနေ ကျော်မြင့်(ခ)သာရှည်ကော(ဖမ်းဆီးရန်ကျန်)ဆိုသူဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများကို ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ လာလ်ရိုဒင်းငါ(ခ)ဒင်းသဲ၊ ရန်ကုန်မြို့နေ မောင်သန်းနှင့် တီးတိန်မြို့နေ အင်းဆွင်းပုမ်း(ဖမ်းဆီးရန်ကျန်)တို့ ၃ ဦးမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများနှင့် အမှုနှင့် ပတ်သက်၍ ဖမ်းဆီးရန်ကျန်သူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
