MT News
၂၃. ၈. ၂၀၂၆
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု(ONLINE SCAM) များကို ပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းကာ စနစ်တကျ အစီအစဉ်ချ၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ ၂၀ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အောင်မြင်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။




ဖြစ်စဥ်မှာ ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကောင်းမူးလွယ် နယ်မြေရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်း လိမ်လည် လောင်းကစားမှုကျူးလွန်သူ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၀ ဦးတို့အား ဖုန်းမျိုးစုံ ၇၇ လုံး၊ ALL IN ONE ကွန်ပျူတာ ၃ လုံး၊ LAPTOP ၁ လုံး၊ အခြား လုပ်ငန်းသုံးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကျူးလွန်သူများအား ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်း သုံးပစ္စည်းများကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
