◾ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအကျိုးပြု အထောက်အကူပြုသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်းပါ သိရ
MT News
၂၃. ၈. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လည်းကောင်း သွားရောက်ခဲ့ပြီး ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ တူဗားပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန် နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာ အာကာသ အေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။




ညနေပိုင်းတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှား ဖက်ဒရေးရှင်း နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံများသို့ တရားဝင် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အစိုးရများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ ဘက်စုံကဏ္ဍစုံမှ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေး၊ အာကာသသိပ္ပံနှင့် နည်းပညာ ကဏ္ဍ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ခရီးသွားကဏ္ဍအပါအဝင် အခြားကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သကဲ့သို့ ကဏ္ဍများအလိုက် သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး အပြန်အလှန်လဲလှယ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများနှင့် စီးပွားရေး ကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးဖိုရမ်များကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအကျိုးပြု အထောက်အကူပြုသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
