သက်တံ့
၂၃. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းလွန် ဘင်္ဂလားပင်လယ်အော်အတွင်း ပနားမားအလံတင် ကုန်တင်သင်္ဘော MV Ocean Winner နစ်မြုပ်ခဲ့မှုကြောင့် ပျောက်ဆုံးနေသည့် သင်္ဘောအဖွဲ့သား ၂၂ ဦးကို ကယ်ဆယ်နိုင်ရန် အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့် ရှာဖွေလျက်ရှိသည်။
အိန္ဒိယနိုင်ငံ၊ ဩရိဿ (Odisha) ပြည်နယ်၊ ပါရာဒစ် (Paradip) ဆိပ်ကမ်းမှ စင်ကာပူနိုင်ငံသို့ သံရိုင်းများ တင်ဆောင်လာစဉ် ဩဂုတ် ၂၂ ရက်က ဗီဆာခါပတ္တနမ်မြို့အရှေ့ဘက် ကီလိုမီတာ ၇၀၀ ခန့်အကွာတွင် အရေးပေါ်အချက်ပြမှုပေးပို့ပြီးနောက် ပါရာဒစ်ဆိပ်ကမ်းမှ ရေမိုင် ၂၄၀ ခန့် (၄၄၄ ကီလိုမီတာ) အကွာတွင် သင်္ဘောတစ်စောင်းဖြစ်သွားခဲ့ပြီး ၈ မိနစ်အတွင်း အလျင်အမြန် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
သင်္ဘောပေါ်တွင် သင်္ဘောအဖွဲ့သား စုစုပေါင်း ၂၄ ဦး ပါဝင်ရာ တရုတ်နိုင်ငံသား ၂၀ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးတို့ ဖြစ်ကြသည်။


သင်္ဘောနစ်မြုပ်အပြီးတွင် အိန္ဒိယ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့ပူးပေါင်း၍ ရေယာဉ် ၃ စီး၊ ကင်းလှည့်လေယာဉ်တို့ဖြင့် ပင်လယ်ပြင်အတွင်း ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လေယာဉ်ဖြင့် ပင်လယ်ပြင်အတွင်း အသက်ကယ်ဖောင်များတွေ့ရှိခဲ့ပြီးနောက် အနီးအနားရှိ MT Aisopos သင်္ဘောနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံသား ၂ ဦးကို ပထမနေ့တွင် ကယ်တင်နိုင်ခဲ့သည်။
လက်ရှိတွင် ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား ၃ ဦး၊ တရုတ်သင်္ဘောသား ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်သင်္ဘောသား ၁ ဦး (စုစုပေါင်း ၂၂ ဦး) ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက် နည်းပါးသွားပြီဖြစ်သော်လည်း အာဏာပိုင်များက ပင်လယ်ပြင်အတွင်း ဆက်လက်ရှာဖွေလျက်ရှိသည်။
Ref: DW & CNA
