၂၃.၈.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် အသက် ၇၆ နှစ်အရွယ် ဘိုးဘွားလင်မယားနှစ်ဦး လုယက်ကာ သတ်ဖြတ်ခံထားရမှု သြဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ကျုးလွန်သူကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။
အဘိုးအဘွားတို့နှစ်ဦး နေထိုင်သောနေအိမ်တွင် တံခါးမဖွင့်သဖြင့် အနီးနေထိုင်သူများက သွားရောက်ကြည့်ရှုရာမှ နှစ်ဦးစလုံး အသတ်ခံထားရသော ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်ရှိ အိပ်ခန်းထဲတွင် အသက် ၇၆ နှစ်အရွယ်ရှိသော ဦးမောင်တင်ကို ဦးခေါင်းညာဘက် ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက်မေးရိုး ပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ ဘုရားစင်အရှေ့တွင် အသက် ၇၆ နှစ်အရွယ် ဒေါ်ယဥ်မေတွင် လည်ပင်း ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။




အဘွားဝတ်ဆင်ထားသော ရွှေနားကပ်လည်း ပျောက်ဆုံးနေပြီး နေအိမ်အတွင်း မွှေနှောက်ရှာဖွေထားသည်ကိုလည်း တွေ့ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အဘိုးအဘွားနှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် ချောင်းဆုံမြို့မရဲစခန်းတွင် အမှုဖွင့်ကာ ကျုးလွန်သူကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
အလားတူ သြဂုတ်လ ၂၁ရက် မွန်းလွဲပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ်ကျေးရွာတွင် အသက် ၇၂ နှစ်အရွယ် အခြေခံပညာ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဆရာမကြီး ဒေါ်လှလှဝင်းမှာ ဥပုသ်သီလ ဆောက်တည်ပြီး နေအိမ်သို့ ပြန်လာစဉ် လုယက်သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်ရှိပစ္စည်းအချို့လည်း ပျောက်ဆုံးနေကြောင်း သေဆုံးသူဆရာမကြီး၏ တပည့်များထံမှ သိရသည်။
“ဆရာမကြီးက တစ်ယောက်တည်းနေတာ။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ တပည့်တွေအပေါ်မှာလည်း စေတနာအရမ်းထားတာ။ တပည့်တွေကလည်း ချစ်ကြောက်ရိုသေကြတယ်။ ဆရာမကြီးကို အခုလို အဖြစ်ဆိုးနဲ့ကြုံတွေ့လိုက်ရတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး”ဟု ဆရာမကြီး၏ တပည့်တစ်ဦးကပြောသည်။
ဆရာမကြီး အသတ်ခံရမှုနှင့် ပတ်သက်၍ နိဗ္ဗာန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ထားပြီး ကျုးလွန်သူကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။
