၂၃. ၈. ၂၀၂၆
Written by Thiri
စင်ကာပူနိုင်ငံကနေ ထိုင်းနိုင်ငံဆီ အလည်ဗီဇာနဲ့ ရောက်ရှိနေတဲ့ အသက် (၂၁) နှစ်အရွယ် မြန်မာလူငယ် ကိုကျော်သက်အောင်ဟာ ဩဂုတ် ၁၆ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့ လမ်းမကြီးပေါ် မော်တော်ဆိုင်ကယ် မောင်းနှင်စဉ်၊ မော်တော်ယာဉ် သုံးစီးနဲ့ ဆက်တိုက် တိုက်မိမှုဖြစ်ပွားကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံကနေ သိရပါတယ်။
သေဆုံးသူ ကိုကျော်သက်အောင်က သူငယ်ချင်းတွေနဲ့ ဘောလီဘောကစားပြီးအပြန် ဆိုင်ကယ်မောင်းနှင်လာစဉ် အိမ်စီးကားတစ်စီးက ပထမဦးစွာ တိုက်မိကာ လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အနောက်မှ မောင်းနှင်လာသော ကုန်တင်ကားက ကြိတ်မိမှာစိုးလို့ ရှောင်ကွင်းစဉ် တတိယမြောက် တွဲကားက တက်ကြိတ်မိတာကြောင့် အသက်ဆုံးပါးခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပြီးနောက် ရုပ်အလောင်းအား ဖတ်ထယာ ပတ္တမခမ်း ဆေးရုံကြီးမှာ ဆေးစစ်ချက်ယူခဲ့ပြီး ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းမှာ ဝပ်ကျေရီစီလာ ဘုန်းကြီးကျောင်းမှာ သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်းလည်း သိရပါတယ်။



သေဆုံးသူမှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်အုပ်စု၊ ကျွန်းစည်ရွာမှာ နေထိုင်သူဖြစ်ပြီးသေဆုံးသူရဲ့ မိသားစုဝင်တွေက သေမှုသေခင်းဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်းတွေ ကို နားမလည်ကြတာမို့အမှုကိစ္စ အစအဆုံး ကူညီပေးပါရန် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိသားစုရဲ့ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမား မဟာမိတ်အဖွဲ့က ဩဂုတ် ၂၂ ရက် ညနေပိုင်းမှာ သေမှုသေခင်း လိုက်ပါ ကူညီဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
