သတိုး
၇. ၈. ၂၀၂၆
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်နှင့်အညီ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေကြပြီး ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်သည့် အခွင့်အလမ်းများလည်းရှိနေကြောင်းနှင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကျပြီး အရေးပါဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် အထည်များကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ အဓိကတင်ပို့လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ယခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်”တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

နှစ်နိုင်ငံကုန်သွယ်မှု (Bilateral Trade) ပမာဏသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသီးသီးရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ပြီး ယခုနှစ် ဇွန်လအထိဆိုပါက နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့ရာ ယခုကဲ့သို့ အပြန်အလှန်ကုန်သွယ်မှုပုံစံသည် နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံမျှသာမက ဒေသတွင်းတန်ဖိုးကွင်းဆက် (Regional Value Chains) ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့နှစ်နိုင်ငံအကြား နယ်နိမိတ်သည် မိုင် ၂၄,၀၀ ကျော် ရှည်လျားပြီး မြောက်ဘက်ရှိ လာအိုနိုင်ငံနှင့် ထိစပ်နေသည့် သုံးနိုင်ငံဆုံမှတ်မှ တောင်ဘက် အက်ဒမန်ပင်လယ်ကမ်းရိုးတန်းအထိ ထိစပ်လျက်ရှိပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးသည် နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် လွန်စွာအရေးပါသည်ကို တွေ့ရကြောင်း၊ မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်စသည့် နယ်စပ်ဂိတ်များတွင် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးစီးဆင်းမှု၏ အဓိကအသက်သွေးကြောဟုဆိုနိုင်ပါကြောင်း၊ တစ်ဖက်တွင်လည်း တရားမဝင် ကုန်သွယ်ရေးဂိတ်နှင့် တရားမဝင်ကုန်သွယ်မှုကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်လျက်ရှိပါကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် တရားမဝင်ကုန်သွယ်မှုကြောင့် နှစ်နိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးမှုများသာမက အရည်အသွေးမမီသည့်အတွက် သုံးစွဲသူများအတွက် အန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်လာသည့် အန္တရာယ်ကို ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကူညီပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄,၆၀၅ ဒသမ ၄၈၄ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၃ ခု ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် လူသုံးကုန်ပစ္စည်းများစသည့် အဓိကကဏ္ဍကြီးများတွင် အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ကာလရှည်ကြာရပ်တည်ခဲ့သည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားလုံး၏ ၆ ဒသမ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄သန်း)နှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်လည်းဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

ယနေ့ကမ္ဘာကြီးသည် အပြန်အလှန်ချိတ်ဆက်မှု ပိုမိုမြန်ဆန်လာပြီး စီးပွားရေးအရ ပေါင်းစည်းမှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများနှင့် ဒေသတွင်း ပေါင်းစည်းချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးစင်္ကြံများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါလာကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေခံမြေခံကောင်းများ ပိုင်ဆိုင်ထားပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည့်အပြင် မဟာဗျူဟာကျသည့် ပထဝီဝင်အနေအထားကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှတို့နှင့် ကုန်းမြေပေါင်းကူးတံတား (Land Bridge) သဖွယ်တည်ရှိနေပြီး ပထဝီအနေအထားအရ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ ၂ စင်းတို့ကို ဆက်စပ်ပေးသည့်အတွက် အနာဂတ်ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့်နေရာ၌ တည်ရှိနေပါကြောင်း၊ ဒေသတွင်းဈေးကွက်များအကြား ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများကို အထောက်အကူပြုလျက် ပိုမိုကျယ်ပြန့်သည့် စီးပွားရေးပေါင်းစည်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အလားအလာကောင်းများလည်းရှိနေကြောင်းလည်း ထည့်သွင်းပြောကြားသည်။
အလားတူ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတို့ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံနှင့် အနီးကပ်ဆုံးရှိပြီး ထိုင်းနိုင်ငံအတွက် တောင်အာရှနှင့် အနောက်အာရှတို့အတွက် အနီးဆုံးကုန်တင်ပို့နိုင်သည့် နေရာဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မြန်မာ-အိန္ဒိယ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အစီအစဉ်များသည်လည်း ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံက အဓိကနေရာမှပါဝင်နေကြောင်း၊ အာရှအဝေးပြေးလမ်းမနှင့် အာရှဖြတ်ကျော်ရထားလမ်း ကွန်ရက်နှစ်ခုစလုံး၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များနှင့် ချိတ်ဆက်ရန် အခွင့်အလမ်းကောင်းများကိုလည်း ပိုင်ဆိုင်ထားရှိကြောင်းလည်း ဦးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် အရင်းအမြစ်နှင့် အလားအလာကောင်းများစွာရှိနေကြောင်း၊ နိုင်ငံ၏ လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်လိုကြောင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများကိုလည်း အားပေးဖိတ်ခေါ်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်းထွက်ကုန်များကို အခြေခံသည့် အဆင့်မြင့်ရာဘာထုတ်လုပ်ခြင်း၊ ရာဘာအခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ယခုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများလည်းရှိနေပါကြောင်း၊ ထိုင်းနိုင်ငံသည် အဆင့်မြင့်ကျန်းမာရေးဝန်ဆောင်မှုများ ထွန်းကားသည့်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ပို့ဆောင်ဆက်သွယ်ချိတ်ဆက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် နှစ်နိုင်ငံကုန်သွယ်မှုကို သာမက RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့်သော့ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်းစသည့် နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများရှိနေပါကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အထက်ပါပြောကြားမှုများအပြင် မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေး ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့အောင် ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီးဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် ပေးနိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကိုလည်း ၂၀၂၄ ခုနှစ်တွင် အပြည့်အဝ အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် မြန်မာကျပ်ငွေနှင့် ဘတ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုစနစ်သည် နှစ်နိုင်ငံကုန်သွယ်မှုသာမက နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အရည်အသွေးပြည့်ဝပြီး၊ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေးဖိတ်ခေါ်နေပြီး ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုရှိစေရန်အတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူ လျင်မြန်အောင် ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း ရာသီဥတုကောင်းသည့် တောင်ပေါ်ဒေသတွင် မြေဧရိယာဧက ၁၀,၀၀၀ ခန့် ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် စိတ်ပါဝင်စားသည့် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်းနှင့် ယနေ့ကျင်းပသည့် ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် အခန်းသစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသတွင်း စီးပွားရေးကွန်ရက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန် အားလုံးက လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြား ဖိတ်ခေါ်ခဲ့သည်။
