သက်တံ့
၂၁. ၉. ၂၀၂၆
အမေရိကန်အခြေစိုက် အကြီးဆုံးသောနည်းပညာကုမ္ပဏီကြီးဖြစ်ပြီး AI နှင့် ချစ်ပ်ပြားထုတ်လုပ်မှုတွင် ဦးဆောင်နေသည့် Nvidia ကုမ္ပဏီ၏ အကြီးအကဲက အနာဂတ် နှစ်နည်းငယ်အတွင်း လူသားမျိုးနွယ် မျိုးပြုန်းစေမည့် အဆင့်အထိ AI စွမ်းရည် တိုးတက်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး၊ ယင်းသို့ စွပ်စွဲချက်များကို လွန်ကဲလွန်းသည့် “ကမ္ဘာပျက်ကိန်း အဆိုအမိန့်များ” ဖြစ်သည်ဟု ပယ်ချခဲ့သည်။
ဒေါ်လာ ၅ ထရီလီယံ တန်ကြေးရှိ AI ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဂျန်ဆင် ဟွမ်က Anthropic သုတေသနပညာရှင်ဟောင်း ဂျေးကော့ဘ် ကော့ခ်ဆွန် (Jacob Coxon) ၏ လူမှုကွန်ရက်ပေါ်တွင် ပြုလုပ်ခဲ့သော “AI သည် ဆယ်စုနှစ်တစ်ခုအတွင်း လူသားထက် သာလွန်သွားပြီး လူသားမျိုးနွယ်ကို မျိုးပြုန်းစေနိုင်သည်” ဟူသော ပြောဆိုချက်များကို “တာဝန်မဲ့သော အဆိုများ” ဟု ပြောဆိုခဲ့သည်။
“၂၀၃၀ ဟာ ကမ္ဘာပျက်မယ့် နှစ်မဟုတ်ပါဘူး။ ၂၀၃၀ မှာ ကမ္ဘာပျက်စီးသွားနိုင်ခြေ သုည ရာခိုင်နှုန်းဘဲ ရှိပါတယ်” ဟု CBS News နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဟွမ်က ပြောကြားခဲ့သလို “လူတွေကို ခြောက်လှန့်နေဖို့ မလိုပါဘူး။ ဒါဟာ တာဝန်မဲ့ရာ ရောက်ပါတယ်”ဟုလည်း ဆိုခဲ့သည်။
AI Claude ကို တီထွင်သည့် ကုမ္ပဏီမှ အခြားသုတေသနပညာရှင် နှစ်ဦး၏ ထောက်ခံမှုကို ရရှိခဲ့သော ကော့ခ်ဆွန်၏ ထုတ်ဖော်ပြောဆိုချက်များသည် ပိုမိုစွမ်းအားထက်မြက်သည့် မော်ဒယ်များကို တီထွင်ရန် ကုမ္ပဏီများ အပြိုင်အဆိုင် ဆောင်ရွက်နေချိန်တွင် AI ၏ အန္တရာယ်များနှင့် ထိန်းချုပ်ကွပ်ကဲမှု ကင်းမဲ့နေခြင်းတို့အပေါ် အပြည်ပြည်ဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အမေရိကန် ဥပဒေပြုအမတ်များသည် စွန့်စားရမှုများနှင့် ပတ်သက်၍ AI ကုမ္ပဏီများကို ဝေဖန်ခဲ့ကြပြီး Anthropic ကုမ္ပဏီကလည်း ၎င်းတို့၏ စွမ်းအားထက်မြက်သည့် AI မော်ဒယ်များကို အသုံးပြု၍ ဒုံးကျည်များနှင့် ဗုံးများ ဒီဇိုင်းထွင်ခြင်း၊ သေစေနိုင်သော ရောဂါပိုးမွှားများ ဖန်တီးခြင်းနှင့် အတိုက်အခံများကို ထောက်လှမ်းခြင်းတို့ ပြုလုပ်ရန် ဒုစရိုက်သမားများ၊ နိုင်ငံတော်အစိုးရ နောက်ခံပြု အဖွဲ့အစည်းများ၊ စူးစမ်းထောက်လှမ်းရေး ဆော့ဖ်ဝဲလ် ရောင်းချသူများ၊ သိပ္ပံပညာရှင်များနှင့် ဝါဒဖြန့်ချိသူများ ကြိုးပမ်းခဲ့ကြကြောင်း အသေးစိတ်ပါရှိသည့် ခြိမ်းခြောက်မှုဆိုင်ရာ သတင်းအချက်အလက် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
Anthropic ၏ အမှုဆောင်အရာရှိချုပ် ဒါရီယို အာမိုဒီ (Dario Amodei)၊ ChatGPT ကို တီထွင်သည့် OpenAI ၏ အကြီးအကဲ ဆမ်အော့လ်မန်း (Sam Altman) နှင့် အီလွန်မတ်စ်ခ် (Elon Musk) တို့က အဆိုပါ နည်းပညာ တိုးတက်မှုနှုန်းကို နှေးကွေးရန် တောင်းဆိုထားကြသည်။
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထဒ် ရမ့်ပ်က AI တိုးတက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို “ဂျင်း” သို့မဟုတ် “ပူးပေါင်းကြံစည်မှု” မျှသာဖြစ်သည်ဟု စွန့်ပစ်ပယ်ချခဲ့ပြီး၊ AI ၏ တိုးတက်မှုများ နှေးကွေးသွားပါက တရုတ်နိုင်ငံကို အခွင့်အရေး သာလွန်သွားစေနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) ကမူ နည်းပညာ၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ထိန်းချုပ်ရာတွင် ကူညီရန် အချင်းချင်း သတိပေးအကြောင်းကြားနိုင်သည့် AI ဆွေးနွေးပွဲ ယန္တရားတစ်ခု ထူထောင်ရန် အမေရိကန်နှင့် တရုတ်တို့ သဘောတူညီခဲ့ကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
သို့သော် AI ကြောင့် ကမ္ဘာပျက်စီးမည့် ခန့်မှန်းချက်များသည် “သိပ္ပံနည်းကျ အခြေအမြစ်မရှိပါ” ဟု ဟွမ်က အခိုင်အမာ ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ကုမ္ပဏီရဲ့ အောင်မြင်မှုဟာ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဘေးကင်းလုံခြုံစွာ ဖြန့်ကျက်မှုနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ အဲဒီလို ဆက်လက် မဆောင်ရွက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ တန်ဖိုး ကျသွားပါလိမ့်မယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပျက်စီးဆုံးရှုံးမှု တာဝန်ယူမှုဆိုင်ရာ ဥပဒေများနဲ့ ပတ်သက်တဲ့ တာဝန်ယူမှု ပေါင်းစုံ ရှိပါတယ်။ အဲဒါတွေကို အရင်ဆုံး ကျင့်သုံးပါ။ လက်ရှိ တည်ရှိနေတဲ့ ဥပဒေတာဝန်တွေကနေ ကင်းလွတ်ခွင့်ရဖို့အတွက် ဒီလို ကမ္ဘာပျက်ကိန်း အဆိုအမိန့်တွေကို အခွင့်ကောင်းယူမှု မပြုပါနဲ့” ဟု ၎င်းက ပြောဆိုခဲ့သည်။
တနင်္လာနေ့တွင် Tony Blair Institute (TBI) Thinktank အဖွဲ့က နိုင်ငံများသည် AI ကို စတင်ကျင့်သုံးရန် ပျက်ကွက်ပြီး အခြားနိုင်ငံများ၏ နောက်သို့ ကျန်ရစ်ခဲ့ပါက “ကြီးမားပြီး ထပ်လောင်းဖြစ်ပေါ်လာမည့် နစ်နာမှုများ” နှင့် ရင်ဆိုင်ရမည်ဟု ငြင်းခုံထားသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
သို့သော် ခေါင်းဆောင်များ ပြုလုပ်ရမည့် ရွေးချယ်မှုများကို ပံ့ပိုးပေးရမည့် အဖွဲ့အစည်းများသည် ထိုသို့ ဆောင်ရွက်နိုင်ရန် လုံလောက်သော ပြင်ဆင်မှု မရှိသေးကြောင်း TBI က သတိပေးခဲ့သည်။
“လွန်ခဲ့တဲ့ စက်မှုတော်လှန်ရေးဟာ မျိုးဆက်ပေါင်းများစွာ ကြာအောင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တာပါ၊ AI ကတော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ပြောင်းလဲပစ်မှာပါ။ စီးပွားရေး၊ ပညာရေး၊ သိပ္ပံ၊ လုပ်သားဈေးကွက်၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ အမျိုးသားလုံခြုံရေးတို့အတွက် လေးနက်တဲ့ ရိုက်ခတ်မှုတွေနဲ့အတူ စွမ်းဆောင်ရည်သစ်တွေဟာ အလွန်လျင်မြန်တဲ့ နှုန်းထားနဲ့ ထွက်ပေါ်လာနေပါတယ်။ ဒါပေမဲ့ စွန့်စားရမှုတွေကလည်း နက်ရှိုင်းပြီး ပိုမိုကြီးထွားလာနေသလို ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုလည်း မြင့်တက်နေပါတယ်။ ဒီနေ့ခေတ် နိုင်ငံရေးခေါင်းဆောင်တွေဟာ သူတို့နိုင်ငံတွေရဲ့ အနာဂတ်လမ်းကြောင်းကို သိသိသာသာ ပြောင်းလဲစေမယ့် ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ကြရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရွေးချယ်မှုတွေ ပြုလုပ်ရာမှာ နိုင်ငံရေးခေါင်းဆောင်တွေကို ကူညီပေးရမယ့် ခေတ်သစ်နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတွေဟာ ရောက်ရှိလာတော့မယ့် အခြေအနေတွေအတွက် သင့်တော်တဲ့ ပြင်ဆင်မှု ပစ္စည်းကိရိယာ တပ်ဆင်ထားခြင်း လုံးဝမရှိကြသေးပါဘူး” ဟု အစီရင်ခံစာ၏ အမှာစာတွင် တိုနီဘလဲက ရေးသားထားသည်။
Ref: The Guardian
