၂၁.၉.၂၀၂၆.
Translated by Htwe Ko Tun
အီတလီနိုင်ငံရှိ ကျောင်းတွေမှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေရဲ့ ဘူရ်ကာနဲ့ နီကာ့ဘ် ခေါ်တဲ့ ရိုးရာဝတ်ဆင်မှုတွေကို တားမြစ်သွားမှာဖြစ်ပြီး အတန်းတစ်တန်းချင်းစီရှိ နိုင်ငံခြားသားကျောင်းသား အရေအတွက်ကိုလည်း ကန့်သတ်သွားမယ်လို့ လက်ယာစွန်းဝါဒီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီက စက်တင်ဘာလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
အီတလီနိုင်ငံဟာ ဥရောပကို ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်ရာမှာ ရှေ့တန်းကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး လာမယ့်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် Integration ခေါ် လူ့အဖွဲ့ အစည်းအတွင်း ပေါင်းစည်းနေထိုင်ရေး ကိစ္စရပ်ကလည်း အဓိက မဲဆွယ်စည်းရုံးရေး အကြောင်းအရာတစ်ခု ဖြစ်လာနေပါတယ်။
မီလိုနီက “အတန်းတစ်တန်းမှာ ရှိသင့်တဲ့ နိုင်ငံခြားသားကျောင်းသား အရေအတွက် အများဆုံးပမာဏကို ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းဖို့အတွက် အစီအမံတစ်ခုကို အစိုးရအဖွဲ့ အစည်းအဝေးမှာ မကြာခင် တင်ပြသွားမှာဖြစ်ပါတယ်” လို့ သူမရဲ့ ‘Brothers of Italy’ (FdI) ပါတီမှ လူငယ်အဖွဲ့ခွဲရဲ့ စုဝေးတွေ့ ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
သူမက “ဒါ့အပြင် ကျောင်းပညာရေးစနစ်နဲ့ ပေါင်းစည်းဝင်ဆံ့ဖို့အတွက် ကြီးမားတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့ နိုင်ငံခြားသားကျောင်းသားတွေရဲ့ မိဘတွေအနေနဲ့ အီတလီဘာသာစကားကို သင်ယူဖို့ လိုအပ်သလို၊ ကျောင်းတွေမှာ ဘူရ်ကာနဲ့ နီကာ့ဘ် ဝတ်ဆင်မှုတွေကိုလည်း တားမြစ်ထားပါတယ်” လို့ ဆိုခဲ့ပါတယ်။
ကျောင်းတွေမှာ ဘူရ်ကာဝတ်ဆင်မှုကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ‘National Future’ (FN) ပါတီက ဇူလိုင်လအတွင်းက တောင်းဆိုခဲ့ဖူးပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့မှာ မဟာမိတ်အဖြစ် ပါဝင်ခြင်းမရှိတဲ့ FN ပါတီက မီလိုနီရဲ့ပါတီထက် ပိုမို ပြင်းထန်တဲ့ လက်ယာစွန်းဝါဒကို ကိုင်စွဲထားပြီး၊ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းချိန်ကစ လူထုထောက်ခံမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ အဓိက ပြိုင်ဘက်ပါတီတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။
အီတလီမှာ ကျောင်းတွေမှာရော၊ အများပြည်သူဆိုင်ရာ နေရာတွေမှာပါ ဘူရ်ကာဝတ်ဆင်မှုကို တိုက်ရိုက် တားမြစ်ထားတဲ့ဥပဒေ မရှိပါဘူး။ ဒါပေမယ့် ၁၉၇၅ ခုနှစ် ဥပဒေတစ်ခုအရ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ မျက်နှာကို မှတ်သားခွဲခြားဖို့ ခက်ခဲစေမယ့် ဦးထုပ်ဆောင်းတာ ဒါမှမဟုတ် အဝတ်အစားတွေ ဝတ်ဆင်တာကို တားမြစ်ထားပါတယ်။
၂၀၀၈ ခုနှစ်မှာ အီတလီရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးက မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထား တဲ့ မျက်နှာဖုံးတွေကို ဘာသာရေး ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ဝတ်ဆင်နိုင်သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက်အထား စိစစ်အတည်ပြုဖို့ လိုအပ်သည့်အခါတွင်မူ မျက်နှာကို ပေါ်လွင်စေရမယ်လို့ ရှင်းလင်းသတ်မှတ်ခဲ့ပါတယ်။
မီလိုနီ ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပါဝင်သော ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေးဝါဒကို ကိုင်စွဲထားသည့် ‘League’ ပါတီက အားကစားပွဲတွေ ဒါမှမဟုတ် ဘာသာရေးဆိုင်ရာ နေရာတွေလို အခြေအနေတွေမှ လွဲလို့ ဦးထုပ်ဆောင်းတာ ဒါမှမဟုတ် မျက်နှာဖုံးအုပ် အဝတ်အစားများ ဝတ်ဆင်တာကို တားမြစ်မယ့် ဥပဒေကြမ်းတစ်ခုကို ယခုနှစ်အစောပိုင်းက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
အတန်းတစ်တန်းချင်းစီရှိ နိုင်ငံခြားသားကျောင်းသား အရေအတွက် ကန့်သတ်ချက်မှာ အီတလီဥပဒေ အရ လက်ရှိတွင် ရှိနှင့်ပြီးဖြစ်သော်လည်း မီလိုနီက ဒါကို ဘယ်လိုပြောင်းလဲမယ်ဆိုတာကို အတိအကျ ပြောကြားခြင်း မရှိခဲ့ပါဘူး။
အမျိုးသားစာရင်းအင်းဌာန (ISTAT) ၏ အချက်အလက်တွေအရ အီတလီကျောင်းတွေမှာ စာရင်းသွင်းတက်ရောက်နေတဲ့ နိုင်ငံခြားသားကျောင်းသားတွေက ၁၂ ရာခိုင်နှုန်းအောက်ရှိတယ်လို့သိရပါတယ်။
Ref: AFP
