သက်တံ့
၂၁. ၉. ၂၀၂၆
ထိုင်းနိုင်ငံ၊ ရယောင်း (Rayong) ခရိုင်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အငြင်းပွားဖွယ်ရာ ဖြစ်ပွားပြီး သေဆုံးသွားခဲ့သည့် မြန်မာဆောက်လုပ်ရေး လုပ်သားတစ်ဦး၏ သေဆုံးမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုဖြင့် တရုတ်အမျိုးသား နှစ်ဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးတို့အား ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၂ နာရီခန့်က အသက် ၄၀ အရွယ် ‘နိုင်ဇော်’ ဟု နောက်ပိုင်းတွင် အမည်အတည်ပြုနိုင်ခဲ့သည့် မြန်မာလုပ်သား သေဆုံးမှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရာ တွေ့ရှိခဲ့သဖြင့် ဘုန်းတော်ကြီးတစ်ပါးက နိခွမ်ဖတ်ထနာ (Nikhom Phattana) ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ဘုန်းတော်ကြီး၏ မိန့်ကြားချက်အရ တရုတ်နိုင်ငံသား နှစ်ဦးနှင့် ရွှေ့ပြောင်းလုပ်သား အများအပြားသည် မော်တော်ယာဉ် နှစ်စီးဖြင့် ကျောင်းတိုက်သို့ ရောက်ရှိလာခဲ့ကြသည်။ နိုင်ဇော်၏ ရုပ်အလောင်းမှာ ကြေးနီရောင် ပစ်ကပ်ကားတစ်စီးအတွင်း ပါရှိလာပြီး အဆိုပါအဖွဲ့က ရုပ်အလောင်းအား မီးသင်္ဂြိုဟ်ပေးပါရန် ဘုန်းတော်ကြီးအား လျှောက်ထားခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များသည် စီယမ်ရယောင်း (Siam Rayong) ကယ်ဆယ်ရေး အဖွဲ့နှင့်အတူ ကျောင်းတိုက်သို့ ရောက်ရှိလာခဲ့သည်။ ရွှေ့ပြောင်းလုပ်သား အများစုမှာ ရဲတပ်ဖွဲ့ကို တွေ့မြင်သည်နှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသဖြင့် အခင်းဖြစ်ပွားရာနေရာတွင် တရုတ်အမျိုးသား နှစ်ဦးသာ ကျန်ရစ်ခဲ့သည်။
တရုတ်နိုင်ငံသားများ၏ ရဲတပ်ဖွဲ့သို့ ထွက်ဆိုချက်အရ ရွှေ့ပြောင်းလုပ်သား အစုအဝေးသည် ၎င်းတို့၏ နေအိမ်တွင် အတူတကွ အရက်သောက်နေကြစဉ် စကားအတိုက်အခံ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အငြင်းပွားမှုမှာ အကြမ်းဖက်မှုအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး နိုင်ဇော် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်းလည်း ၎င်းတို့က ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။
အသက် ၄၂ နှစ်အရွယ် ပါအို (Pao) ဟု အမည်ရသည့် တရုတ်အမျိုးသားတစ်ဦးက သေဆုံးမှုတွင် ၎င်းပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။ ၎င်းနှင့် အခြားတရုတ်နိုင်ငံသားတို့သည် ဒဏ်ရာရရှိထားသည့် မြန်မာလုပ်သားအား ဆေးရုံသို့ ပို့ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း လမ်းခရီးတွင် နိုင်ဇော် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ရုပ်အလောင်းအား ကျောင်းတိုက်သို့ ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပါအိုက ပြောကြားခဲ့သည်။
ရုပ်အလောင်းအား အဘယ်ကြောင့် သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြသနည်းဟု ရဲတပ်ဖွဲ့က မေးမြန်းသည့်အခါ ပါအိုက ၎င်းမသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်အမျိုးသား နှစ်ဦးနှင့် ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံ၏ ဥပဒေများကို မသိရှိကြဘဲ နိုင်ဇော်၏ သေဆုံးမှုကို နာရေးမပြုလုပ်မီ တာဝန်ရှိသူများထံ သတင်းပို့ရမည်ကို မသိရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ကြသည်။
ရဲတပ်ဖွဲ့သည် သက်သေအထောက်အထားများ စုဆောင်းခဲ့ပြီး အဆိုပါအဖွဲ့ သွားလာခဲ့သည့် လမ်းကြောင်းအတိုင်း CCTV မှတ်တမ်းများကို စစ်ဆေးခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသားများနှင့် ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် လူသတ်မှုကျူးလွန်သူမှာ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား ‘နိုင်လင်း’ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
သေဆုံးမှု သို့မဟုတ် သေဆုံးရသည့် အကြောင်းအရင်းကို ဖုံးကွယ်ရန်အတွက် ရုပ်အလောင်းအား လျှို့ဝှက်မြှုပ်နှံခြင်း၊ ဖုံးကွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၉၉ အရ တရုတ်နှင့် မြန်မာနိုင်ငံသား ၆ ဦးအား ရဲတပ်ဖွဲ့က တရားစွဲဆိုထားကြောင်း Channel 7 သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ပုဒ်မသည် ထောင်ဒဏ် အများဆုံး ၁ နှစ်၊ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်ဖြစ်သည်။
ရဲတပ်ဖွဲ့သည် တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ထွက်ပြေးလွတ်မြောက်နေသူ နိုင်လင်းကို ဆက်လက်စုံစမ်း ရှာဖွေလျက်ရှိသည်။
Ref: Thaiger
