သက်တံ့
၂၁. ၉. ၂၀၂၆
ထိုင်းနိုင်ငံမှ အေးခဲသီးနှံများနှင့် အခြားကုန်ပစ္စည်း အများအပြား တင်သွင်းမှုကို မြန်မာနိုင်ငံဘက်မှ ယာယီဆိုင်းငံ့လိုက်ခြင်းကြောင့် ယနေ့တွင် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်၌ ကုန်သွယ်ရေးနှင့် ယာဉ်ကြော သွားလာမှုများ ပိတ်ဆို့သွားခဲ့သည်။ ကုန်သည်များသည် နယ်စပ်ကိုဖြတ်၍ ကုန်ပစ္စည်းများ သယ်ယူရန် ရုန်းကန်နေရသဖြင့် ကျောင်းသားတင် မီနီဘတ်စ်ကားများပါ တန်းစီစောင့်ဆိုင်းရသည့် ယာဉ်တန်းများအတွင်း ပိတ်မိခဲ့ကြသည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်နှင့် မြန်မာနိုင်ငံရှိ တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသည့် ဆိုင်မြစ်ကူး အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တွင် နံနက် ၇ နာရီခန့်၌ ယာဉ်ကြောပိတ်ဆို့မှုများ စတင်ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နယ်စပ်ဂိတ်ကို နံနက် ၆ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းသည် တာချီလိတ်ဈေးများသို့ တင်ပို့မည့် သားငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် အေးခဲထုတ်ကုန်များကို ယူဆောင်လာကြသည့် ထိုင်းနှင့် မြန်မာ ကုန်သည်များ ပုံမှန်စုဝေးလေ့ရှိသည့် အချိန်ဖြစ်သည်။
အဆိုပါ သွင်းကုန်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း စစ်ဆေးမှုများ မအောင်မြင်ခြင်းနှင့် မြန်မာနိုင်ငံ၏ အခွန်အခများကို မှန်ကန်စွာ ပေးဆောင်ထားခြင်း မရှိသောကြောင့် မြန်မာတာဝန်ရှိသူများက ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် တင်သွင်းမှု ယာယီဆိုင်းငံ့မိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နေ့စဉ် ရောင်းဝယ်ဖောက်ကားမှုအပေါ် မှီခိုနေရသည့် ကုန်သည်ငယ်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို မူလအတိုင်း နယ်စပ်ဖြတ်ကျော် သယ်ယူနိုင်ခြင်း မရှိတော့ဘဲ ဖြစ်ခဲ့ရသည်။ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်သည်များနှင့် ရပ်တန့်ထားသော လက်တွန်းလှည်းများသည် တံတားအလယ်တွင် လမ်းကြောင်းကို ပိတ်ဆို့နေခဲ့သဖြင့် တာချီလိတ်မှ ကျောင်းသူကျောင်းသားများကို တင်ဆောင်လာသည့် မီနီဘတ်စ်ကားများပါ အဆိုပါ ယာဉ်တန်းများအတွင်း ပိတ်မိခဲ့ရသည်။
ဤအဟန့်အတားကြောင့် နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူစရိတ်များ မြင့်တက်သွားခဲ့ပြီး တာချီလိတ်တွင် ကြက်ဥတစ်လုံးလျှင် ၁၅ ဘတ် (တစ်လုံး ကျပ် ၂၀၀၀ ခန့်) အထိ ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။
ထိုင်းတာဝန်ရှိသူများက ယာဉ်ကြော အဆင်ပြေစေရန် ဝင်ရောက်ညှိနှိုင်းပေးခဲ့ပြီး တံတားပေါ်တွင် ကုန်တင်ကုန်ချ ပြုလုပ်ခြင်းကို နံနက် ၆ နာရီမှ ၉ နာရီအတွင်းသာ ကန့်သတ်ဆောင်ရွက်ကြရန် ကုန်သည်များအား တောင်းဆိုခဲ့ကြသည်။
Ref: Nation Thailand
