သက်တံ့
၂၁. ၉. ၂၀၂၆
တန်ဇာနီးယားနိုင်ငံရှိ ငိုရွန်ဂိုရို (Ngorongoro) တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေ၌ ခြင်္သေ့ ၁၀ ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ပဏာမ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အဆိုပါ တိရစ္ဆာန်များသည် အဆိပ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
အာရူးရှာ (Arusha) ဒေသ၊ အန်ဒူလန် (Endulen) ရပ်ကွက်ရှိ အန်ဒူတူ (Ndutu) ဧရိယာတွင် အဆိုပါ ခြင်္သေ့များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ငိုရွန်ဂိုရို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး နယ်မြေ အာဏာပိုင်အဖွဲ့ (NCAA) က စနေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ပြောကြားခဲ့ကြောင်း ရိုက်တာ (Reuters) သတင်းတွင် ဖော်ပြထားသည်။
“ပဏာမ တွေ့ရှိချက်များအရ တိရစ္ဆာန်များသည် အဆိပ်ပါဝင်သည့် အရာတစ်ခုခုကို စားသောက်မိပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်” ဟု အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပြီး သေဆုံးရသည့် အကြောင်းအရင်း အမှန်နှင့် တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
အရှေ့အာဖရိက၏ အရေးအကြီးဆုံး တောရိုင်းတိရစ္ဆာန် ဂေဟစနစ်များထဲမှ တစ်ခုတွင် ခြင်္သေ့များ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းသည် ခြင်္သေ့များ ထိန်းသိမ်းရေးအတွက် စိုးရိမ်ပူပန်မှုအသစ်များကို မြင့်တက်စေခဲ့သည်။ အဆိပ်ခတ်ခြင်းသည် အရှေ့အာဖရိက ဒေသအချို့၌ အသားစား သတ္တဝါကြီးများအတွက် မကြာခဏဆိုသလို ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထွက်ပေါ်လာနေပြီး၊ အထူးသဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် ဒေသခံများ၏ မွေးမြူရေးတိရစ္ဆာန်များ ထိတွေ့ထိစပ်နေသည့် ဧရိယာများ၌ ပိုမိုဖြစ်ပွားလေ့ရှိသည်။
ခြင်္သေ့များသည် နွား၊ ဆိတ် သို့မဟုတ် အခြား အိမ်မွေးတိရစ္ဆာန်များကို အစာအဖြစ် အမဲလိုက်သည့်အခါ မွေးမြူရေးတိရစ္ဆာန် ပိုင်ရှင်များနှင့် ပဋိပက္ခ ဖြစ်ပွားနိုင်သည်။ အချို့သော ဖြစ်စဉ်များတွင် အသားစား သတ္တဝါများကို သတ်ဖြတ်ရန် လက်စားချေ အဆိပ်ခတ်သည့် နည်းလမ်းကို အသုံးပြုကြသော်လည်း၊ အာဏာပိုင်များအနေဖြင့် ယခု ခြင်္သေ့ ၁၀ ကောင် သေဆုံးမှုတွင် ထိုကဲ့သို့သော ပဋိပက္ခ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (UNESCO World Heritage Site) ဖြစ်သည့် ငိုရွန်ဂိုရို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး နယ်မြေသည် နိုင်ငံ၏ အထင်ရှားအကျော်ကြားဆုံး တောရိုင်းတိရစ္ဆာန်နှင့် ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာ ဒေသများအနက် တစ်ခုဖြစ်သည်။ ယင်း၏ စုံလင်ကွဲပြားသော ဂေဟစနစ်သည် ခြင်္သေ့ကောင်ရေ အများအပြားအပြင် ဆင်၊ ကျွဲနှင့် မျိုးသုန်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော ကြံ့မဲများ အပါအဝင် အခြား ထင်ရှားသည့် တိရစ္ဆာန်မျိုးစိတ်များကိုလည်း ဆက်လက်တည်ရှိရန် ပံ့ပိုးပေးထားသည်။
ဤဖြစ်စဉ်သည် အရှေ့အာဖရိကဒေသတွင်း တောရိုင်းတိရစ္ဆာန်များ သေဆုံးမှုနှင့် ပတ်သက်၍ ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများ ထွက်ပေါ်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လကလည်း အိမ်နီးချင်း ကင်ညာနိုင်ငံ ရဲတပ်ဖွဲ့သည် အမ်ဘိုဆီလီ (Amboseli) ဒေသ၌ ဆင် ၁၈ ကောင် သေဆုံးမှု စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းအဖြစ် သံသယရှိသူ လေးဦးကို ဖမ်းဆီးခဲ့သည်။
တန်ဇန်နီးယား အာဏာပိုင်များသည် ခြင်္သေ့များ သေဆုံးမှုမှာ အဆိပ်မိခြင်းကြောင့် ဟုတ်၊ မဟုတ်နှင့် မှန်ကန်ပါက တိရစ္ဆာန်များသည် အဆိပ်ရှိသော အရာများနှင့် မည်သို့ ထိတွေ့မိခဲ့သလဲဆိုသည်ကို အတည်ပြုရန် အန်ဒူတူ ဧရိယာမှ သက်သေအထောက်အထားများကို အသေးစိတ် စစ်ဆေးလျက်ရှိသည်။
Ref: India Today
