သက်တံ့
၂၁. ၉. ၂၀၂၆
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ အနောက်ဘက်ရှိ ဘလူးမောင်တိန်း (Blue Mountains) ဒေသတွင် အသက် ၅ နှစ်အောက် ကလေးငယ် သုံးဦးကို ဓားဒဏ်ရာများဖြင့် မော်တော်ယာဉ်တစ်စီးအတွင်း တွေ့ရှိခဲ့ရပြီး နှစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် ရုန်းကန်နေရကာ တစ်ဦးမှာ သေဆုံးသွားခဲ့သည်၊ မော်တော်ယာဉ်အနီးတွင် တွေ့ရှိရသည့် မိခင်ဖြစ်သူမှာလည်း စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံ၌ ရှိနေသည်။
ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားကလေး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြင့် ရုန်းကန်နေရသော ဓားထိုးမှု ဖြစ်စဉ်၏ နောက်ကွယ်တွင် မိခင်ဖြစ်သူ ပါဝင်ပတ်သက်နေကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဆစ်ဒနီမြို့ အနောက်ဘက်ရှိ ဘလူးမောင်တိန်း (Blue Mountains) ဒေသ၊ ဗယ်လီဟိုက်စ် (Valley Heights) အနီးတွင် လမ်းသွားလမ်းလာများက အဆိုပါ ကလေးငယ် သုံးဦးကို မော်တော်ယာဉ်တစ်စီးအတွင်း တွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး အမြန်ဆုံး ကူညီရန် သွားရောက်ခဲ့ကြသော်လည်း ကလေးငယ်တစ်ဦးမှာ သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါ မော်တော်ယာဉ်မှာ အမျိုးသားဥယျာဉ်သို့ ဦးတည်ထားသည့် လမ်းကြောင်းအနီးရှိ မြေကွက်လပ် တစ်ခုအတွင်းသို့ အနည်းငယ် ထိုးဝင်ရပ်တန့်နေခဲ့ပြီး အမျိုးသမီးကိုမူ မော်တော်ယာဉ်အနီး ပြင်ပတွင် တွေ့ရှိခဲ့ရသည်။

အရေးပေါ် ကူညီရေးအဖွဲ့များ မရောက်ရှိမီ အများပြည်သူက အခြား ကလေးငယ်များကို ရှေးဦးသူနာပြုစုခြင်းများ ကူညီပေးခဲ့ကြသည်။
အဆိုပါ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်သည် ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်စ် (New South Wales) ပြည်နယ်တစ်ဝန်း၌ စက်တင်ဘာ ၁၉ ရက် (စနေနေ့) နေ့က အချိန် ၁၂ နာရီအတွင်း အမျိုးသမီး သုံးဦး အိမ်တွင်း၌ အသတ်ခံခဲ့ရသည့် ထိတ်လန့်ဖွယ် စနေ၊ တနင်္ဂနွေ သတင်းများ၏ အဆက်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘလူးမောင်တိန်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှူး ဂျွန်နလ်ဆင် (John Nelson) က အဆိုပါ အမျိုးသမီးသည် ယခင်က ရဲတပ်ဖွဲ့၏ ပြစ်မှုမှတ်တမ်း၌ ပါဝင်ဖူးခြင်းမရှိကြောင်းနှင့် ကလေးများ၏ ဖခင်ဖြစ်သူထံ သတင်းပို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖခင်ဖြစ်သူသည် ဖုန်းဆက်အကြောင်းကြားချိန်တွင် လုပ်ငန်းခွင်၌ ရှိနေခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှူး နလ်ဆင်က “ဒီလို ဝမ်းနည်းဖွယ် သတင်းဆိုးကို လက်ခံရရှိလိုက်တဲ့ ဖြစ်စဉ်ကို သင် မြင်ယောင်ကြည့်နိုင်ပါတယ်။ အဲဒီလူဟာ သာမန်အတိုင်း အလုပ်လုပ်နေတုန်း ဒီလို သတင်းအချက်အလက် ပေးပို့ခံလိုက်ရတာပါ။ ဆစ်ဒနီမှာရှိတဲ့ ပြည်သူတွေဟာ သာမန်အတိုင်း သာယာတဲ့ တနင်္ဂနွေ မွန်းလွဲပိုင်းကို ဖြတ်သန်းနေချိန်မှာ ဒီလိုဖြစ်စဉ်မျိုးနဲ့ ကြုံတွေ့လိုက်ရတာဟာ မည်သူမဆိုအတွက် စိတ်ထိခိုက်စရာနဲ့ ဝမ်းနည်းစရာ ကောင်းလှပါတယ်” ဟု ပြောကြားခဲ့သည်။
မိခင်နှင့် ကလေးများကို အခင်းဖြစ်ပွားရာနေရာ၌ ကျန်းမာရေးဝန်ထမ်းများက အရေးပေါ် ကုသပေးခဲ့ပြီးနောက် စိုးရိမ်ရသည့် အခြေအနေဖြင့် ဝက်စ်မိဒ် ဆေးရုံ (Westmead Hospital) နှင့် ဝက်စ်မိဒ် ကလေးဆေးရုံ (Westmead Children’s Hospital) သို့ ပို့ဆောင်ခဲ့ပြီး လက်ရှိတွင်လည်း ထိုဆေးရုံများ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
“ကလေးနှစ်ဦးနဲ့ သူတို့ရဲ့ မိခင်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မိခင်ဖြစ်သူဟာ အိမ်တွင်းအကြမ်းဖက်မှု၊ လူသတ်မှုနဲ့ ပတ်သက်ပြီး ဒီဖြစ်စဉ်မှာ သံသယရှိသူ ဖြစ်တာကြောင့် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု နယူးဆောက်ဝေးလ်စ်ပြည်နယ် ဒုတိယရဲချုပ် ပီတာမက်ကန်နာ (Peter McKenna) က ပြောကြားခဲ့သည်။

ထို့အပြင် မက်ကန်နာက လွန်ခဲ့သည့် နှစ်ရက်အတွင်း ဩစတြေးလျ၌ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များမှာ အလွန်တုန်လှုပ်ဖွယ် ကောင်းကြောင်း ဖော်ပြခဲ့ပြီး ယနေ့တွင် Nine News သို့ ၎င်းက ပြောကြားရာ၌ “ဒါဟာ အင်မတန် ထိတ်လန့်ဖွယ်ကောင်းပြီး ဝမ်းနည်းစရာကောင်းတဲ့ စနေ၊ တနင်္ဂနွေပါပဲ။ ကျွန်တော့်ရဲ့ တာဝန်ထမ်းဆောင်မှု သက်တမ်းအတွင်း ဒီလိုမျိုး မကြုံဖူးပါဘူး။ အခြား အသတ်ခံရမှု သုံးခုအပြင် ဘလူးမောင်တိန်းမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းစရာ ဖြစ်စဉ်တို့ ပေါင်းစပ်လိုက်ရင် ဒါဟာ တွေးဆလို့တောင် မရနိုင်လောက်အောင်ပါပဲ” ဟု ဆိုသည်။
အဆိုပါ ဓားဖြင့်ထိုးမှုသည် ၂၄ နာရီအတွင်း ဖြစ်ပွားခဲ့သော စတုတ္ထမြောက် အိမ်တွင်းအကြမ်းဖက်မှု ဆက်စပ်ဖြစ်စဉ် ဖြစ်လာခဲ့သည်။
နယူးဆောက်ဝေးလ်စ်ပြည်နယ်၏ အခြားနေရာတစ်ခု၌လည်း အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ဖြတ်ခံရသည့် အလောင်းကို ၎င်း၏နေအိမ်၌ တွေ့ရှိခဲ့ရသလို၊ ဘွန်ဒိုင်း (Bondi) ဒေသတွင်လည်း သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဆွေမျိုးဖြစ်သူ၏ ဓားဖြင့် ထိုးသတ်ခြင်းခံခဲ့ရသည်ဟု စွပ်စွဲမှု ဖြစ်ပွားထားသည်။
Ref: The Mirror
