
သတိုး
၇. ၈. ၂၀၂၆
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က အမိနိုင်ငံသို့ ယနေ့မွန်းလွဲပိုင်းအချိန် ပြန်လည်ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ၀န်ကြီးချုပ်ကိုယ်တိုင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တာ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဥ်ပထမနေ့တွင် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရအဖွဲ့ရုံးတွင် ရုံးရှေ့မြက်ခင်းပြင်အထိထွက်ကာ ကြိုဆိုသည့်အပြင် ကော်ဇောနီခင်း၍ တရားဝင်အခမ်းအနားဖြင့်ပါ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထိုသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း နိုင်ငံတော်သမ္မတက လက်ခံတွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးဖိုရမ်ကိုလည်း ထိုင်းဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။






ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးပွဲအပြီးတွင်လည်း ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး နားလည်မှုစာချွန်လွှာ၊ နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်များ စသည့် သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ လေးခုတို့အား နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်တို့၏ ရှေ့မှောက်၌ စာချွန်လွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
အလားတူ ယနေ့တွင်လည်း ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ နှင့် ထိုင်းအမျိုးသားလွှတ်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
