၇. ၈. ၂၀၂၆
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဗိုဂူရာ (Bogura) နှင့် ဆီးလ်ဟက် (Sylhet) ဒေသတို့တွင် ယနေ့ သြဂုတ် ၇ ရက် နံနက်ပိုင်းက သီးခြား ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်စဥ်များအနက် ဆီးလ်ဟက်ခရိုင်၊ အော့စမနီနဂါး (Osmaninagar) မြို့နယ်၊ ဒါကာ-ဆီးလ်ဟက် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကာရှီကာပန် (Kashikapan) / ဒါယာမီရ် (Dayamir) ဧရိယာ၌ နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားသည့်ဖြစ်စဥ်မှာ ခရီးသည်တင်ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။
ဆီးလ်ဟက်သို့ ဦးတည်မောင်းနှင်လာသည့် Bengal Paribahan ဘတ်စ်ကားနှင့် ဒါကာသို့ ပြန်လည်မောင်းနှင်နေသည့် Unique Paribahan ဘတ်စ်ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ တိုက်မိမှုကြောင့် Unique Paribahan ဘတ်စ်ကားမှာ လမ်းဘေးချောက်အတွင်းသို့ ထိုးကျသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် Unique Paribahan ဘတ်စ်ကားပေါ်ပါ ခရီးသည် ၈ ဦးလုံး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဆီးလ်ဟက်ရှိ MAG Osmani Medical College ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။



အော့စမနီနဂါး ရဲစခန်းမှူး ဂိုလမ် မော့စတာဖာ (Golam Mostofa) က သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။
အလားတူ နံနက် ၆ နာရီခွဲခန့်က ဗိုဂူရာဆာဒါ ခရိုင်ခွဲ (Bogura Sadar Upazila)၊ ဗိုဂူရာ-နအိုဂွန် အဝေးသင်လမ်းမကြီးပေါ်ရှိ အဲရူလီယာ ဆေးကီဘန်ဒါ (Erulia Silkibanda) ဧရိယာ၌ ဒါကာမှ နအိုဂွန်သို့ မောင်းနှင်လာသော Shah Fateh Ali Paribahan ဘတ်စ်ကားတစ်စီးသည် ထိန်းချုပ်မှုလွတ်ကင်းကာ လျှပ်စစ်ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့သည်။ ထို့နောက် လမ်းဘေးတွင် အလုပ်ရရှိရန် စောင့်ဆိုင်းနေကြသည့် ဒေသခံနေ့စားလုပ်သားများကို ဆက်လက်ဝင်ရောက်ကြိတ်မိခဲ့သည်။
အဆိုပါ မတော်တဆမှုကြောင့် အခင်းဖြစ်ပွားရာနေရာ၌ ၃ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများကို ရှာဟီးဒ် ဇီယာအုရ် ရာမန် ဆေးကောလိပ်ဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ် ၄ ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများအနက် ၆ ဦးမှာ ဂိုင်ဘန်ဒါ (Gaibandha) မှ အာမီရူး အစ္စလာမ် (၅၀ နှစ်)၊ နူး အာလမ် (၅၀ နှစ်)၊ အဗ္ဗဒူး ဆာမဒ်၊ ဘီလာလ် နှင့် ဂျွိုင်ပါဟတ် (Joypurhat) မှ တာဂျ်မူး၊ ဖိုင်ဇာ တို့ဖြစ်ကြကြောင်း ဗိုဂူရာဆာဒါ ရဲစခန်းမှူး အီဘရာဟင် အလီက အတည်ပြုထားပြီး ကျန်တစ်ဦးမှာ စိစစ်နေဆဲဖြစ်သည်။
Ref: Dhaka Tribune & Prothom Alo
