နေမိုး
၇. ၈. ၂၀၂၆
ပြည်သူတစ်ဦးကို ဖမ်းဆီး ပြန်ပေးဆွဲကာ ကျပ်သိန်း ၃၀၀ ခြိမ်းခြောက်ငွေတောင်းမှု ကျူးလွန်ခဲ့သည့် NUG ဩဇာခံ လောင်းလုံးပလဖအဖွဲ့ကို ထူထောင်သည့် လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ လုံခြုံရေးမှူး ရသ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကို စတင်သန္ဓေတည် ထူထောင်ခဲ့သည့် ပထမဆုံး လောင်းလုံးမြို့နယ် လုံခြုံရေးမှူး ရသ သည် လက်နက်ကိုင် ပြန်ပေးဆွဲသည့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရင်း သင်တန်းတက်ရောက်နေစဉ် ရောဂါဝေဒနာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု လောင်းလုံးပကဖအဖွဲ့က ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်သည်။
လောင်းလုံးမြို့နယ် ပကဖခေါင်းဆောင် ရသ သည် ပြီးခဲ့သည့် ဇူလိုင်လဆန်းက ကိုကျော်ဇင်ဝင်းဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီးနောက် ကျပ်သိန်း ၃၀၀ ငွေညှစ်တောင်းခံနေသည့် အသံဖိုင် လူမှုကွန်ရက်တွင် ပေါ်ထွက်လာသဖြင့် NUG ၏ ဖမ်းဆီးစစ်ဆေးမှု ခံရပြီးနောက် ယခုမူ သေဆုံးသွားကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
လောင်းလုံးမြို့နယ်ပကဖအဖွဲ့ကမူ ရသ သေဆုံးခြင်းမှာ ရောဂါဝေဒနာဖြင့် သေဆုံးသည်ဟု ဖုံးကွယ် ထုတ်ပြန်သော်လည်း PDF အချို့အဆိုအရမူ ဖမ်းဆီးစစ်ဆေးသည့် NUG ၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရသအား ကျပ်သိန်း ၃၀၀ ငွေညှစ်မှုကို စစ်ဆေးစဥ် လက်လွန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
