




၇.၈.၂၀၂၆
Written by Linn Eain
မန္တလေးတွင် ဆည်တော်ကြီးရေလှောင်တမံ ရေထိန်းညှိလျော့ချခြင်းကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ် ကားလမ်းပေါ် ၃ ပေခန့်ရေကျော်နေကြောင်း MOI က ဩဂုတ် ၇ ရက်၊ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများပြုလုပ်ခဲ့ရာ ချောင်းမကြီးအနီးရှိ ကျေးရွာများသို့ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီးမိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ဩဂုတ် ၇ ရက်၊ နံနက် ၆ နာရီကစ၍ သုံးပေခန့်ရေကျော်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၈ နာရီခွဲက စတင်၍ ခရီးသွားကားများအဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေး၊ လမ်းချော်မှုမဖြစ်ပွားစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ နေအိမ်အတွင်းနှင့် အုတ်စက်ရုံများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်မှတ်မှာ ၄၁၉ ဒသမ ၅ ပေဖြစ်ပြီး ယနေ့နံနက် တိုင်းတာချက်မှာ ၄၁၇ ဒသမ ၈ ပေသို့ရောက်ရှိနေ၍ ရေတံခါးငါးပေါက်အား ၂ ပေစီနှင့် ရေတံခါး ၂ ပေါက်အား
တစ်ပေစီ ထိန်းညှိလွှတ်ထားကြောင်း သိရသည် (Photo – MOI)
