၂၁.၉.၂၀၂၆
Written by Linn Eain
အယ်လ်နီညိုဖြစ်စဉ်သည် ယခု စက်တင်ဘာလတွင် အားအလွန်ကောင်းသော အခြေအနေသို့ရောက်ရှိနေပြီး မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် အယ်လ်နီညိုအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေရာ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း ၎င်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် နေ့အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထိုသို့ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်ပေါ်နေသည့်အယ်လ်နီညိုသည် လာမည့်အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအကြား အပြင်းထန်ဆုံးဖြစ်ဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြကြောင်း သိရသည်။
မိုးခေါင်ရေရှားမှုကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် ပိုမို၍သတိပြုကြရန် လိုအပ်သည်ဟုလည်း သိရသည်။
အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးခေါင်ရေရှားမှုအတွက် စိုက်ရေပျိုးရေများကို ကြိုတင်စုဆောင်းထားကြရန်၊ ရေကိုအကျိုးရှိရှိ ထိရောက်စွာသုံးစွဲရန်၊ ရေလိုအပ်ချက်နည်းပါးသည့် သီးနှံများနှင့် အပူဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးရန် စသည်ဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်းနှင့် မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန်များအပူဒဏ်ခံရခြင်း၊ ရေရှားပါးနိုင်ခြင်း စသည့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြရမည်လည်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြထားသည်။
